ဒေါက်တာ အေးမောင်နှင့် ဝေဟင်အောင်ကို ဇန်နဝါရီလ နောက်ဆုံးနေ့မှာ ရုံးထုတ်မည်

ဒေါက်တာ အေးမောင်နှင့် ဝေဟင်အောင်ကို ဇန်နဝါရီလ နောက်ဆုံးနေ့မှာ ရုံးထုတ်မည်

 

စစ်တွေ၊ ဇန်နဝါရီလ ၂၀ ရက်။              ။ အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင်နှင့် လူငယ်စာရေးဆရာ ဝေဟင်အောင်တို့ကို ရုံးထုတ် စစ်ဆေးရန် စစ်တွေတရားရုံးက လာမည့် ဇန်နဝါရီလ ၃၁ ရက်နေ့မှာ ချိန်းဆိုထားသည်ဟု သတင်း ထုတ်ပြန်ထားသည်။

“ဟိုနေ့ကတော့ ဒေါက်တာအေးမောင်ကို ချုပ်ရက် (ရမန်) ယူခဲ့တယ်။ အခုနောက်တစ်ခေါက် ရုံးချိန်းမှာ စွဲချက်တင်သင့် မတင်သင့်ကို ရှေ့နေတွေနဲ့ ဆုံးဖြတ်မှာ ထင်ပါတယ်။ ဒီကိစ္စနဲ့ ဆန္ဒပြမယ့် အစီစဉ်တွေတော့ မရှိပါဘူး။ ပါတီကလုပ်ဆောင် ပါလိမ့်မယ်။” ဟု ရခိုင့်အလင်းတံခါးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ကျော့စိန်က ပြောသည်။

ရခိုင် စာရေးဆရာဝေဟင်အောင်ကို နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် ဇန်နဝါရီလ ၁၆ ရက်နေ့မှာ ရဲတပ်ဖွဲ့ ဖမ်းဆီးခဲ့ပြီး ဒေါက်တာ ဦးအေးမောင်ကို မတရားဆက်သွယ်မှု အသင်းပုဒ်မ ၁၇(၁) ဖြင့် အမှုဖွင့်ပြီး ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ဖမ်းဆီးခဲ့ခြင်းလည်း ဖြစ်သည်။

ရသေ့တောင်မြို့နယ်မှာ ဇန်နဝါရီလ ၁၅ ရက်နေ့က ကျင်းပသည့် ရခိုင်ဘုရင်အချုပ်အခြာအဏာ ကျဆုံးခြင်း ဝမ်းနည်းအောက်မေ့ဖွယ် အခမ်းအနားတွင် ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ ဟောပြောချက်များမှာ နိုင်ငံတော်ကို အကြည်အညိုပျက်ပြားစေသည့် စကားလုံးများပါရှိပြီး တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပျက်ပြားအောင် ဟောပြောသည်ဟုဆိုကာ ၎င်းတို့ကို အမှုဖွင့်ဖမ်းဆီးရန် သမ္မတရုံးက ညွန်ကြားခဲ့ခြင်းလည်းဖြစ်သည်။

လက်ရှိမှာ အဆိုပါ အမှုဖွင့်ဖမ်းဆီးခံထားရသူ ဒေါက်တာအေးမောင်နှင့် စာရေးဆရာဝေဟင်အောင်တို့ကို စစ်တွေ အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly