ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူးအား ထပ်မံအရွေးချယ်ခံရန် ရပ်​ကွက်​​နေသူအချို့​တောင်​းဆို

ရပ်​ကွက်​အုပ်​ချုပ်​​ရေးမှူးအား ထပ်မံအရွေးချယ်ခံရန် ရပ်​ကွက်​​နေသူအချို့​တောင်​းဆို

 

ပခုက္ကူ၊ဇန်နဝါရီ ၂၀ ။            ။ ပခုက္ကူမြို့အမှတ် (၁၃)ရပ်ကွက်အတွင်း အုပ်ချုပ်ရေးမှူး ပြန်လည်ရွှေးချယ်ပွဲအတွက် လက်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးအား ထပ်မံရွှေးချယ်ခံရန်အတွက် ယင်းရပ်ကွက်နေသူအချို့က ဇန်နဝါရီလ ၁၉ ရက်နေ့က တောင်းဆိုခဲ့ကြသည်။

အမှတ် ၁၃ ရပ်ကွက် အနေဖြင့် ပခုက္ကူမြို့အတွင်း အခြေခံလူတန်းစားများနေထိုင်ရာ ရပ်ကွက်တစ်ခုဖြစ်ပြီး အိမ်ထောင်စု ၂၀၀ ကျော်က အုပ်ချုပ်ရေးမှူးအိမ်ရှေ့တွင် တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။

"ရပ်ကွက်အတွင်း သာရေး၊ နာရေးရှိရင်လည်း သူက ဦးဆောင်လုပ်ပေးတယ်။ပြီးတော့ ရေဝင်ရပ်ကွက်ဖြစ်တော့ တနှစ် မြစ်ရေ တစ်ကြိမ်မက ဝင်တဲ့အခါမှာလည်း ရေလွတ်ရာကို ပြောင်းရွှေ့ဖို့လည်း သူက ရပ်ကွက်နေပြည်သူတွေကို အမြဲစည်းရုံးတယ်။ ရပ်ကွက်အပေါ် ကောင်းမွန်တဲ့ အုပ်ချုပ်ရေးမှူးရှိမှ ရပ်ကွက်လည်းတိုးတက်မှာ"ဟု အမှတ် ၁၃ ရပ်ကွက်နေ ဒေါ်ခင်မာရင် က ပြောသည်။

လာမည့် ဖေဖော်ဝါရီလအတွင်း ပခုက္ကူမြို့အမှတ် (၁၃)ရပ်ကွက်အတွင်း အုပ်ချုပ်ရေးမှူး ပြန်လည်ရွှေးချယ်ပွဲ ကျင်းပမည် ဖြစ်ပြီး လက်ရှိ အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်သည် ၂ ၀၁၂ ခုနှစ်ကတည်းက ဝင်ရောက်ရွှေးချယ်ခံခဲ့သူ ဖြစ်ပြီး ၂၀၁၆ ခုနှစ်မှစ၍ လက်ရှိအချိန်အထိ ဒုတိယ သက်တမ်း ရွေးချယ်ခံရသူ ဖြစ်သည်။

"ခုက လက်ရှိအုပ်ချုပ်ရေးမှူးက ဆယ်အိမ်စုမှူးအဖြစ်ကို လုံးဝအရွေးမခံရဘူး။ပြီးတော့ ရပ်ကွက်အတွင်း ဆယ်အိမ်စုမှူးရွှေးချယ်ပွဲက ပွင့်လင်းမြင်သာမှု မရှိခဲ့ကြဘူး။ ဒါတွေအတွက် အုပ်ချုပ်ရေးမှူးကို ပြန်လည်ရွေးချယ်ခံပေးဖို့ တောင်းဆိုခဲ့တာပါ" ဟု အမှတ် ၁၃ ရပ်ကွက်မှ ကိုလင်းနိုင်မင်းက ဆိုသည်။

လက်ရှိ အုပ်ချုပ်ရေးမှူးအနေဖြင့် ဝင်ရောက်ရွှေးချယ်ရန် ဆန္ဒမရှိခဲ့သော်လည်း ရပ်ကွက်နေပြည်သူများ တောင်း ဆိုချက်အရ ပြန်လည်ရွှေးချယ်ခံသွားမည်ဟု သိရသည်။

"ကျွန်တော်က ၂၀၁၀ ကတည်းက အရွေးခံခဲ့တာ။လက်ရှိက စီးပွားရေးအရ ခေတ္တနားမယ်ဆုံးဖြတ်ခဲ့တာ။ရပ်ကွက်နေ ပြည်သူများ တောင်းဆိုမှုရှိလာတော့ ပြန်လည်အရွေးခံတော့မှာပါ" ဟု လက်ရှိ အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်က ဆိုသည်။

ပခုက္ကမြို့တွင် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ ရွှေးချယ်ရေးအတွက် ကြီးကြပ်ရေးမှူးများ ရွှေးချယ်လျှက်ရှိပြီး ဖေဖော်ဝါရီလကုန်အထိ ရွှေးချယ်သွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly