KNPP ရဲဘော် ၃ ဦးနှင့် အရပ်သားတစ်ဦးအသတ်ခံရသည့်အမှု စိတ်ရှည်စောင့်ကြည့်ရန် ပြည်နယ်ဝန်ကြီးချုပ် ပြော

KNPP ရဲဘော် ၃ ဦးနှင့် အရပ်သားတစ်ဦးအသတ်ခံရသည့်အမှု စိတ်ရှည်စောင့်ကြည့်ရန် ပြည်နယ်ဝန်ကြီးချုပ် ပြော
ဓာတ်ပုံ -Union of Karenni State Youth

 

ရန်ကုန်၊ ဇန်နဝါရီ ၂၀ ။                ။ ကရင်နီအမျိုးသားတိုးတတ်ရေးပါတီ (KNPP ) ရဲဘော် ၃ဦးနှင့် အရပ်သားတစ်ဦး အသတ်ခံရသည် ဆိုသောဖြစ်စဉ်နှင့် ပက်သက်ပြီး တပ်မတော်ဘက်မှ ခုံရုံးဖွဲ့စစ်ဆေးနေသောကြောင့် ပြည်သူများအနေဖြင့် စိတ်ရှည်ပြီးစောင့်ကြည့်ဖို့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြောဆိုလိုက်သည်။

ဇန်နဝါရီ ၁၉ ရက်က ထပ်မံတရားစွဲဆိုခံရသော ကယန်းအမျိုးသားပါတီ ဥက္ကဋ္ဌ ခွန်းဘီထူးအပါအဝင် ကရင်နီပြည်သူ ၃ ဦးကို လူအများက တရားရုံးသို့ လိုက်ပါပို့ဆောင်နေခြင်းကြောင့် ဆန္ဒထုတ်ဖော်သည့် သူများကိုတွေ့ဆုံညှိနှိုင်းစဉ် ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

“ အဲ့နေ့မှာ ဖြစ်ပျက်သွားတာမှန်သမျှက နှစ်ဦးနှစ်ဖက်လုံးက ဒီအစိုးရရှိလို့ ရှိမှန်း မသိတဲ့သဘောမျိုးနဲ့ သူတို့ဟာသူတို့ သတင်းကို အမှောင်ချပြီးလုပ်တဲ့ အနေအထားတစ်ခုလည်း သိဖို့လိုတယ်။ ပြည်နယ်ဝန်ကြီးချုပ် တစ်ယောက်ဖြစ်သည့်အတွက်ကြောင့် သူတို့တင်ပြသည်ဖြစ်စေ မတင်ပြသည်ဖြစ်စေ ရအောင်စုံစမ်းတယ်။ ရလာတဲ့အချက်အလက်တွေကို ကိုယ်က NRPC ကို တင်တယ်။ သူရဲ့ထွက်ဆိုချက်တွေအရ NRPC က တပ်ပိုင်းဆိုင်ရာကိစ္စဖြစ်တဲ့ အတွက် ကာကွယ်ရေးကို ပို့တယ်။ ကာကွယ်ရေးကလည်း ပို့တဲ့အတိုင်း ငြိမ်မနေပါ ဘူး။ စုံကော်ဖွဲ့ပြီးမှ တပ်မတော်အခန်းကဏ္ဍကနေ စီစစ်အရေးယူမှု တွေလုပ်ပြီး မှားရင်မှားသလို ထိရောက်စွာ အရေးယူဆောင်ရွက်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေရှိတယ်။ ဒါတွေသိထားပြီဆိုရင် ဆန္ဒတွေမလောဖို့ လိုတယ်။ စိတ်ရှည်သည်းခံဖို့ လိုတယ်။ အထက်က ခေါင်းဆောင်ကြီးတွေ ကြိုးပမ်းနေတယ်”  ဟု ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြောသည်။

ကေအဲန်ပီပီတပ်ဖွဲ့ဝင် ၃ ဦးနှင့် ရွာသား ၁ ဦး သေဆုံးမှုကို တပ်မတော်ဖက်မှ ကနဦး စုံစမ်းစစ်ဆေးမှုအား ယခင်လ ဒီဇင်ဘာလ ၂၈ ရက်နေ့က ဒေသကွပ်ကဲ မှုစစ်ဌာနချုပ်(လွိုင်ကော်) တွင် ခုံရုံးဖွဲ့ပြီး ကနဦး စတင် စစ်ဆေးကြားနာမှုများ ပြုလုပ်ခဲ့သေးသည်။ အဆိုပါခုံရုံးဖွဲ့ စစ်ဆေးမှုကို နေပြည်တော်မှ တပ်မတော် တာဝန်ရှိသူများက လာရောက်စစ်ဆေးခဲ့သည်။

သို့သော်လည်း လက်ရှိအချိန်ထိ ကျေလည်မှုမရှိသေးဘဲ KNPP ဘက်ကမှု ခုခံမှုပြုမလုပ်သည့်ကြားမှ တပ်မတော်မှ ပစ်သတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောဆိုထားပြီး တပ်မတော် ဘက်ကမှု ပစ်ခတ်မှုဖြစ်စဉ် သေဆုံးရခြင်းဟု ပြောဆိုထားသည်။

ထို့အပြင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် တပ်မတော်နှစ်ဘက်စလုံးမှ အဆိုပါဖြစ်စဉ်ကြောင့် ငြိမ်းချမ်းရေးကို မထိခိုက်စေရန် ဆက်လက်ဆောင်ရွက်သွားမည်ဟု   ပြောဆိုထားကြောင်းလည်း ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုက ပြောသည်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) သည် အစိုးရနှင့် တစ်နိုင်ငံလုံးအပစ်ရပ်လက်မှတ် (NCA) ရေးထိုးရန် ညီညွှတ်သော တိုင်းရင်းသားလူမျိုး များ ဖက်ဒရယ်ကောင်စီ (UNFC) မှတစ်ဆင့် ကြိုးပမ်းနေသော အဖွဲ့လည်းဖြစ်ပြီး ယခင် သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်တွင်  ပြည်နယ်ဆင့်၊ ပြည်ထောင်စုအဆင့် နှစ်ဖက်သဘောတူ အပစ်အခတ်ရပ်စဲရေး စာချုပ် ချုပ်ဆိုထားသည့်အဖွဲ့ ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly