“အရှံုးနဲ့ ရင်ဆိုင်သွားရတဲ့ ပြည်ခိုင်ဖြိုး ခေါင်းဆောင်မှုအသစ်ရဲ့ အားစမ်းပွဲ ”

“အရှံုးနဲ့ ရင်ဆိုင်သွားရတဲ့ ပြည်ခိုင်ဖြိုး ခေါင်းဆောင်မှုအသစ်ရဲ့ အားစမ်းပွဲ ”

ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နဲ့ ၁၃ ရက်နေ့က တပ်မတော်နဲ့ အစိုးရအဖွဲ့ပေါင်းပြီး ပြည်ခိုင်ဖြိုးပါတီ ယာယီဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ သူ့ကိုထောက်ခံသူတွေကို ပါတီခေါင်းဆောင်မှုကနေ အင်အားသုံး ဖယ်ရှားခဲ့ပါတယ်။ ပါတီဗဟို အလုပ်အမှုဆောင်အဖွဲ့ကို ပြင်ဆင် ဖွဲ့စည်းလိုက်တဲ့အတွက် တပ်မတော်နဲ့ အစိုးရဘက်ကနေ ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်မှုပိုင်းကို ပိုင်ပိုင်နိုင်နိုင် ချုပ်ကိုင်နိုင်ခဲ့ပြီလို့ ယူဆနိုင်ပါတယ်။ အားလုံးမျှော်လင့်ခဲ့ကြပြီး ဖြစ်တဲ့အတိုင်း ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်သစ်တွေရဲ့ နောက်ထပ်ခြေလှမ်းကတော့ သူရဦးရွှေမန်းကို လွှတ်တော်အကြီးအကဲ ရာထူးနေရာတွေကနေ ဖယ်ရှားဖို့ ဖြစ်ပါတယ်။ လွှတ်တော်တွင်းမှာ ပြည်ခိုင်ဖြိုး အမတ်တွေက အများစု ကြီးစိုးထားတဲ့အတွက် အဲဒီခြေလှမ်း လွယ်လွယ်ကူကူ အောင်မြင်လိမ့်မယ်လို့ တွက်ခဲ့ကြပုံ ရပါတယ်။ အဲဒီအတွက် ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်မှုအသစ်က ဘာတွေလုပ်ခဲ့သလဲ၊ ဘယ်လိုအရှုံးနဲ့ ရင်ဆိုင်ရသလဲ၊ အဲဒါ ဘာအဓိပ္ပာယ် ဆောင်သလဲဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါမယ်။

လွှတ်တော်ပြန်စတဲ့အခါ သူရဦးရွှေမန်းဟာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်ထောင်စု လွှတ်တော်နာယကအဖြစ် ပြန်ပေါ်လာပါတယ်။ အရင်ကလောက် မာန်တင်းတဲ့ မျက်နှာထား၊ အမတ်တချို့ကို ထီမထင်ကြည့်တဲ့ မျက်နှာပေးတွေ မမြင်ရတော့ပေမယ့် စာရွက်တွေကိုကြည့်ပြီး အစည်းအဝေးတွေကို တည်တည်ငြိမ်ငြိမ် ဆက်ဦးဆောင် ကျင်းပသွားတာကိုတော့ တွေ့ကြရပါ တယ်။ လွှတ်တော်ကို လွှမ်းမိုးထားနိုင်ပြီလို့ ယူဆတဲ့ ပြည်ခိုင်ဖြိုး ခေါင်းဆောင်တွေနဲ့ တပ်မတော် အမတ်အင်အားစုတွေ လှုပ်ရှားမှုနှစ်ခု လုပ်ပါတယ်။ ပထမတစ်ခုကတော့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် အစည်းအဝေးတွေကို ရပ်ဆိုင်းလိုက်ဖို့ဖြစ်ပြီး နောက်ထပ်တစ်ခုကတော့ သူရဦးရွှေမန်းကို အမတ်အဖြစ်ကနေ ပြန်ဖြုတ်ချဖို့ ရည်ရွယ်ပုံရတဲ့ Right to Recall အမတ်တွေကို ပြည်သူတွေက ပြန်လည်ဖြုတ်ချခွင့်ပေးတဲ့ ဥပဒေကြမ်း ပြည်ထောင်စု လွှတ်တော်ကနေ အပြီး သတ် အတည်ပြုနိုင်ဖို့ ဖြစ်ပါတယ်။

ပထမ လှုပ်ရှားမှု လွှတ်တော်နှစ်ရပ်ကို ရပ်ဆိုင်းဖို့ဆိုတာဟာ သူရဦးရွှေမန်းအနေနဲ့ လွှတ်တော်ဥက္ကဋ္ဌ တာဝန်ယူပြီး လုပ်ကိုင်ဆောင်ရွက်နေတာတွေကို ရပ်ဆိုင်းထားစေဖို့ ရည်ရွယ် တာ ဖြစ်နိုင်ပါတယ်။ ဒီလှုပ်ရှားမှု တစ်ဝက်တစ်ပျက်ပဲ အောင်မြင်ပါတယ်။ ပြည်ခိုင်ဖြိုး အမတ် နှစ်ယောက်က လွှတ်တော်ကို ရပ်ဆိုင်းထားဖို့ အဆိုတင်တာကို ဦးခင်အောင်မြင့် ဦးဆောင် တဲ့ အမျိုးသားလွှတ်တော်ဘက်က အစည်းအဝေးတွေ ရပ်နားထားဖို့ မဲခွဲဆုံးဖြတ် သဘောတူပေး လိုက်ပါတယ်။ ဒါပေမယ့် ပြည်သူ့လွှတ်တော်ဘက်မှာတော့ ဥက္ကဋ္ဌ သူရဦးရွှေမန်းက သူ့ ဉာဏ်    အမြော်အမြင်နဲ့သူ ဆက်ကျင်းပဖို့ လိုတယ်ဆိုပြီး အစည်းအဝေး ဆက်ကျင်းပပါတယ်။ နောက် တစ်နေ့မှာတော့ အစည်းအဝေး ရပ်ဆိုင်းဖို့တင်တဲ့ အဆိုကို လွှတ်တော်သဘောထားယူပြီး မှတ်တမ်းတင်ရုံ တင်ထားလိုက်တာ တွေ့ရပါတယ်။ ပြည်ခိုင်ဖြိုး ခေါင်းဆောင်တွေရဲ့ လှုပ်ရှားမှု တစ်ခု တစ်ဝက်တစ်ပျက်ပဲ အောင်မြင်ခဲ့တာပါ။

နောက် လှုပ်ရှားမှုတစ်ခုကတော့ နောက်ဆုံး တစ်ဆင့်လောက်ပဲ ကျန်တော့တဲ့ Right to Recall ဥပဒေကြမ်းကို အတည်ပြုဖို့ပါ။ ဒါနဲ့ ပတ်သက်ပြီး သူရဦးရွှေမန်းက အဲဒီ ဥပဒေကြမ်း အတည်ပြုရေး ဆက်ပြီးဆောင်ရွက်သင့်၊ မသင့် မဲခွဲဆုံးဖြတ်ဖို့ လုပ်ပါတယ်။ အရင်သမ္မတ ဦးသိန်း စိန်နဲ့ အစိုးရအဖွဲ့ဝင်တွေကို ပြည်ခိုင်ဖြိုးပါတီထဲက ကန်ထုတ်မယ့် ဥပဒေကြမ်းတစ်တွဲကို မဲခွဲစဉ် တုန်းကတော့ သူရဦးရွှေမန်းဟာ ဗြောင် မတ်တပ်ရပ် မဲခွဲတဲ့စနစ်ကို အသုံးပြုခဲ့ပေမဲ့ အခု သူ့ကို ဖြုတ်ချမယ်လို့ ရည်ရွယ်ပုံရတဲ့ ဥပဒေကြမ်းကိုတော့ လျှို့ဝှက် စက်ခလုတ်သုံးပြီး မဲခွဲစေပါတယ်။
ရလဒ်က စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဥပဒေကြမ်းကို ဆိုင်းငံ့ထားဖို့ အဆိုကို ၂၆၄ ယောက်က ထောက်ခံပြီး ၂၃၅ ယောက်က ကန့်ကွက်ပါတယ်။ ကြားနေမဲ ၁၂ မဲ ဖြစ်ပါတယ်။ ပြောရရင် ပြည်ထောင်စုလွှတ်တော်မှာ တက်ရောက်ခွင့်ရှိတဲ့ အမတ် ၆၃၂ ယောက် ရှိပါတယ်။ အဲဒီ မှာ တပ်မတော်သား အမတ် ၁၆၀ ကျော်ရှိပြီး ခွင့်နဲ့ပျက်ကွက်သူ တပ်မတော်သား နည်းနည်းပါးပါး ရှိပါတယ်။ ဒီဥပဒေ ဆိုင်းငံ့ထားဖို့ကိစ္စ တပ်မတော်သားအားလုံး ကန့်ကွက်တယ်လို့ ယူဆရင် အခြားကန့်ကွက်တဲ့သူတွေထဲမှာ တပ်မတော်သား မဟုတ်သူ ရွေးကောက်ခံ အမတ် ၇၀ နဲ့ ၈၀ ကြားပဲ ရှိပါတယ်။ လက်ရှိ လွှတ်တော်ထဲမှာ ပြည်ခိုင်ဖြိုး အမတ်ချည်းပဲသက်သက် အရေအတွက် ၃၃၀ ဝန်းကျင် ရှိနေပါတယ်။ ဒါတောင် ပြည်ခိုင်ဖြိုးနဲ့ မဟာမိတ်လုပ်ထားတဲ့ တိုင်းရင်းသား အမတ် တွေကို ထည့်မတွက်သေးပါဘူး။ အဲဒီနေ့က ခွင့်ယူပျက်ကွက်တဲ့ အမတ် ၉၀ ဝန်းကျင် ရှိပါတယ်။ အားလုံးကို ခြုံပြီးတွက်ချက်ကြည့်ရင် ဒီအဆိုကို ကန့်ကွက်ခဲ့သူ ၇၀ နဲ့ ၈၀ အားလုံး ပြည်ခိုင်ဖြိုး အမတ်လို့ ယူဆခဲ့ရင်တောင် ကျန်တဲ့လွှတ်တော်တက်တဲ့ ပြည်ခိုင်ဖြိုးအမတ် ၁၅၀ နဲ့ ၁၆၀ ဝန်းကျင်ဟာ အဆိုကို ထောက်ခံခဲ့ပါတယ်။ အဓိပ္ပာယ်ကတော့ အဲဒီ ပြည်ခိုင်ဖြိုး အမတ် ၁၅၀ နဲ့ ၁၆၀ လောက်ဟာ သူရဦးရွှေမန်းကို လွှတ်တော်အကြီးအကဲ နေရာကနေ ဖယ်ရှားမှာ မလိုလား ဘူးဆိုတာ လျှို့ဝှက်နည်းနဲ့ ဆန္ဒထုတ်ဖော်လိုက်တာပါပဲ။

နိဂုံးချုပ်လိုက်ရင် တပ်မတော်နဲ့ အစိုးရအဖွဲ့ဟာ သူရဦးရွှေမန်း စည်းရုံးထားတဲ့ ပြည်ခိုင်ဖြိုး ပါတီ ခေါင်းဆောင်မှုကို ပြောင်းလဲပစ်လိုက်နိုင်ပြီဖြစ်ပေမယ့် လွှတ်တော်ထဲ ရောက်နေတဲ့ ပြည်ခိုင် ဖြိုးအမတ် သုံးပုံနှစ်ပုံ ကျော်ကျော်ကို ထိန်းချုပ်လို့ မရဘူးဆိုတဲ့ အဖြေသွားထွက်ပါတယ်။ လက်ရှိ ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်သစ်တွေအတွက် ပိုပြီးဆိုးစေတာက အဲဒီအမတ်အများစုဟာ လာမယ့်ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီ အလံအောက်ကနေ ဝင်ပြိုင်မယ့် အမတ်လောင်းတွေ ဖြစ်နေတာပါပဲ။ တကယ်လို့များ အဲဒီအမတ်တွေထဲက တချို့ရွေေးကာက်ပွဲမှာ အနိုင်ရခဲ့ရင် ရွေးကောက်ပွဲအပြီး လုပ်မယ့် ဒုသမ္မတ၊ သမ္မတလောင်းရွေးပွဲမှာ သူတို့ရဲ့ မဲတွေဟာ ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်ဘက်က တင်မယ့် သမ္မတလောင်းကို မဲပေးမယ်၊ မပေးဘူး မသေချာတော့တဲ့ အခြေအ နေကို ရောက်သွားစေပါတယ်။ ခြုံပြီး သုံးသပ်ရရင် လက်ရှိပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်ပိုင်းတွေ ရဲ့ သူရဦးရွှေမန်းကို လွှတ်တော်အကြီးအကဲ ရာထူးကနေ ဖယ်ရှားဖို့လုပ်တဲ့ လွှတ်တော်တွင်း လှုပ်ရှားမှု အောင်မြင်မှု မရခဲ့ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly