အမေရိကန် အစိုးရယန္တရား တရားဝင် စတင်ရပ်ဆိုင်းသွား

အမေရိကန် အစိုးရယန္တရား တရားဝင် စတင်ရပ်ဆိုင်းသွား

 

ဇန်နဝါရီ ၂၀ ။      ။ အစိုးရအသုံးစရိတ် ဘတ်ဂျက်သစ်နဲ့ပတ်သက်လို့ ဆိနိတ်လွှတ်တော်မှာ အကြိတ်အနယ် ဆွေးနွေးခဲ့ပေမယ့် သဘောတူညီချက် တစ်စုံတစ်ရာ မရခဲ့တဲ့နောက် ယခုအခါ နိုင်ငံရဲ့ အစိုးရယန္တရား တရားဝင် စတင်ရပ်ဆိုင်းသွားပြီ ဖြစ်ပါတယ်။ ဇန်နဝါရီ ၂၀ ရက်ကစလို့ အစိုးရအနေနဲ့ ယင်းရဲ့ လုပ်ငန်းဝန်ဆောင်မှုအများစုကို ရပ်ဆိုင်းထားလိုက်ရပြီ ဖြစ်ပြီး ဒါဟာ ထရမ့်အစိုးရ ပထမနှစ်ပတ်လည်ပြည့်မြောက်တဲ့ နှစ်ပတ်လည်မှာပဲ ပထမဆုံးကြုံတွေ့လိုက်ရခြင်း ဖြစ်ပါတယ်။

ဆိနိတ်လွှတ်တော်တွင်း ဘတ်ဂျက်နဲ့ပတ်သက်လို့ အကြိတ်အနယ်ဆွေးနွေးမှုတွေ နောက်ဆုံးမိနစ်အထိ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လာမယ့် ဖေဖော်ဝါရီ ၁၆ ရက်အထိ အစိုးရအသုံးစရိတ် ထောက်ပံ့ဖြည့်ဆည်းမယ့် ရန်ပုံငွေတစ်ရပ်နဲ့ပတ်သက်လို့ လိုအပ်တဲ့ ထောက်ခံမဲ ၆၀ ကိုတော့ ရရှိခဲ့ခြင်း မရှိပါဘူး။

ဒါဟာ ရီပတ်ဘလစ်ကန် ပါတီတစ်ခုတည်းက ကွန်ဂရက်နဲ့ အိမ်ဖြူတော်ကို ထိန်းချုပ်ထားတဲ့အချိန်မျိုးမှာ ခုလို ပထမဆုံးအကြိမ်အနေနဲ့ အစိုးရ ယန္တရား ရပ်ဆိုင်းသွားတဲ့အရေးနဲ့ ကြုံတွေ့လိုက်ရတာဖြစ်ပါတယ်။

ယခု အခြေအနေအပေါ် တုန့်ပြန်တဲ့အနေနဲ့ အိမ်ဖြူတော်ဘက်ကတော့ ဒီမိုကရက်တစ်အမတ်အုပ်စုကို ပြစ်တင်ထားပြီး ၎င်းတို့ဟာ အဆင်အခြင်မဲ့တဲ့ တောင်းဆိုချက်တွေ   ပြည့်မြောက်ဖို့အတွက် နိုင်ငံသားတွေကို ဓားစာခံအဖြစ် အသုံးချနေကြောင်း စွပ်စွဲသွားခဲ့ပါတယ်။

"နိုင်ငံရေးကို အသုံးချပြီးတော့ အမျိုးသားလုံခြုံရေး၊ တပ်မိသားစုဝင်တွေ၊ ကလေးငယ်တွေကို ထိခိုက်အောင် သူတို့ လုပ်နေကြတယ်" ဆိုပြီး အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် ဆာရာ ဆန်ဒါးစ်က ပြောပါတယ်။

ဒါပေမယ့် ဆိနိတ်လွှတ်တော် ဒီမိုကရက်တစ်အုပ်စုခေါင်းဆောင် ချက်ခ် စခူးမားကတော့ ယခုကိစ္စမှာ သမ္မတထရမ့်အနေနဲ့ နှစ်ပါတီ အပေးအယူသဘောတူညီချက် နှစ်ခုကို ပယ်ချသွားခဲ့သလို ကွန်ဂရက်မှာ သူ့ပါတီကိုလည်း ဖိအားပေးခဲ့ခြင်းမရှိကြောင်း ပြန်လည်ချေပသွားခဲ့ပါတယ်။

ယခုအခါမှာ ယင်းပြဿနာကို ပြေလည်အောင် မရှင်းနိုင်သေးသရွေ့တော့ ထောင်နဲ့ချီတဲ့ အစိုးရဝန်ထမ်းတွေ လစာမရဘဲ အိမ်ပြန်နေရဖို့ ရှိနေပြီ ဖြစ်ပါတယ်။ အစိုးရုံးအများစုကို ပိတ်သိမ်းထားရတော့မှာ ဖြစ်ပါတယ်။

 ဒါပေမယ့်လည်း အရေးကြီးတဲ့ ဗဟိုအစိုးရ ဝန်ဆောင်မှုတစ်ချို့နဲ့ စစ်ဘက် လုပ်ငန်းတွေကတော့ ဆက်လက်လည်ပတ်နေဦးဖို့ ရှိနေတယ်လို့လည်း သိရပါတယ်။

ယင်းနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်တုန်းကလည်း အလားတူ အစိုးရယန္တရား ရပ်ဆိုင်းမှုဖြစ်စဉ် ဖြစ်ခဲ့သေးပြီး ယင်းတုန်းက ကြာချိန် ၁၆ ရက်ကြာမြင့်ခဲ့ကာ ယင်းကာလအတောအတွင်း များပြားစွာ ဖက်ဒရယ်ဝန်ထမ်းတွေဟာ ခွင့်ကို မယူမဖြစ် ယူခဲ့ကြရတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly