တင်းမာမှုတွေရှိနေတဲ့ ကက်ရှ်မီးယားဒေသမှာ ပစ်ခတ်မှုဖြစ်လို့ အိန္ဒိယဘက်က ၃ ဦးသေပြီး ၂၆ ဦး ဒဏ်ရာရ

တင်းမာမှုတွေရှိနေတဲ့ ကက်ရှ်မီးယားဒေသမှာ ပစ်ခတ်မှုဖြစ်လို့ အိန္ဒိယဘက်က ၃ ဦးသေပြီး ၂၆ ဦး ဒဏ်ရာရ

 

ဇန်နဝါရီ ၂၀ ။                 ။ အိန္ဒိယနဲ့ ပါကစ္စတန်တို့အကြား နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကက်ရှ်မီးယားဒေသမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်က ပစ်ခတ်မှုတွေဖြစ်ခဲ့လို့ အိန္ဒိယဘက်က သုံးဦး သေဆုံးပြီး ၂၆ ဦး ဒဏ်ရာရရှိသွားတယ်လို့ ရဲတပ်ဖွဲ့တစ်ဦးက ပြောပါတယ်။

ယခုဖြစ်စဉ်မှာ အိန္ဒိယထိန်းချုပ်ခွင့်ရ ကက်ရှ်မီးယားနယ်ထဲမှာရှိတဲ့ လူနေထူထပ်ရာ ဧရိယာတစ်ခုထဲကို ပါကစ္စတန် စစ်တပ်ဘက်က လှမ်းပြီး ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ အိန္ဒိယဘက်က ပြောပါတယ်။

ဒေသစံတော်ချိန် မနက် ၆ နာရီဝန်းကျင်လောက်စလို့ ပါကစ္စတန် စစ်တပ်ဘက် စတင်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ အဆိုပါဒေသက အမည်မဖော်လိုသူ အိန္ဒိယရဲတစ်ဦးက ပြောပါတယ်။ ပါကစ္စတန်နဲ့ ထိစပ်နေတဲ့ ဂျမူးပြည်နယ်က အိန္ဒိယနယ်စပ်မှာ ယခုလို ပစ်ခတ်ခံလိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

" သူတို့ အမြှောက်တွေနဲ့လည်း ထုခဲ့ပါသေးတယ်" လို့ ၎င်းက ဆိုပါတယ်။

ယခုဖြစ်စဉ်မှာ အိန္ဒိယထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသက အရပ်သားနှစ်ဦး၊ နယ်ခြားစောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တစ်ဦးတို့ သေဆုံးသွားခဲ့ပြီး အခြား အရပ်သား ၂၄ ဦး၊ စစ်သား နှစ်ဦးတို့ ဒဏ်ရာအသီးသီး ရသွားတယ်လို့ သိရပါတယ်။

အိန္ဒိယတို့အနေနဲ့ နှစ်နိုင်ငံနယ်စပ်တစ်လျှောက် အပစ်ရပ်သဘောတူညီချက်ထားချက်ကို ထပ်တလဲလဲချိုးဖောက်ထားခဲ့တယ်ဆိုပြီး ယခု ပစ်ခတ်မှုဖြစ်စဉ် မတိုင်မီ တစ်ရက်ကပဲ ပါကစ္စတန်အစိုးရက ထုတ်ဖော်စွပ်စွဲထားခဲ့ပါသေးတယ်။

အဆိုပါ နှစ်နိုင်ငံအနေနဲ့ ပြီးခဲ့တဲ့ နှစ်တွေအတွင်း နယ်မြေအငြင်းပွားမှု၊ အပြန်အလှန် စွပ်စွဲပြစ်တင်မှုတွေနဲ့အတူ တင်းမာမှုတွေ ရှိနေဆဲဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags