အမေရိကန်အစိုးရယန္တရား တန့်ရပ်မှုအချို့ ဖြစ်လာနိုင်

အမေရိကန်အစိုးရယန္တရား တန့်ရပ်မှုအချို့ ဖြစ်လာနိုင်

 

ဝါရှင်တန်၊ ဇန်နဝါရီ ၂၀ ။         ။ အမေရိကန် ဆီးနိတ်လွှတ်တော်တွင် ဒီမိုကရတ်အမတ်များနှင့် ရီပတ်ဘရီကန်အမတ်များက ဒေသစံတော်ချိန် ဇန်နဝါရီ ၁၉ ရက် ညလယ်မတိုင်မီ အစိုးရဘတ်ဂျက်ကို အတည်မပြုနိုင်ခဲ့ပါက ငွေလုံးငွေရင်း မရှိခြင်းဖြင့် အစိုးရယန္တရား တစ်စိတ်တသ်ဒေ တန့်ရပ်မှု ဖြစ်လာနိုင်သော အခြေအနေတွင် ရှိနေသည်။

ယခုကဲ့သို့ အစိုးရ၏ ရန်ပုံငွေအသေးသုံးဘတ်ဂျက် ရပ်ဆိုင်းခံထားရခြင်းအားဖြင့် ဝန်ထမ်းပေါင်း ရှစ်သိန်းကျော်ထက်မနည်း ထိခိုက်မှုဖြစ်ကာ အစိုးရ လုပ်ငန်းဌာနတစ်ချို့ တန့်နေရာမှ အလုပ်မရှိခြင်း၊ လုပ်အားခ မရခြင်းများက ကွန်ဂရက်လွှတ်တော်မှ ဘတ်ဂျက်သစ်တစ်ရပ် အတည်မပြုမချင်း ဖြစ်ပေါ်နေလိမ့်မည် ဖြစ်သည်။

ထိုကဲ့သို့ အစိုးရဝန်ထမ်းအင်အား ထောင်ပေါင်းများစွာအတွက် တန့်ရပ်မှု ကြုံရနိုင်ဖွယ်နှင့်အတူ အမျိုးသားပန်းခြံများ၊ ပြတိုက်များနှင့် အစိုးရနှင့် ဖက်စပ်လုပ်ကိုင်သော ပုဂ္ဂလိကကုမ္ပဏီများအတွက်လည်း လည်ပတ်မှုမှာ တရွတ်ဆွဲနေမည်ပဲ ဖြစ်သည်။

လွှတ်တော်အတွင်း ရီပတ်ဘရီကန် သုံးဦးနှင့် ဒီမိုကရတ်တစ် သုံးဦးပါ ခြောက်ဦးဂိုဏ်း၏ ပြီးခဲ့သည့် သီတင်းပတ်က နှစ်ဖက်သဘောတူညီမှုကို မဲပေးရန် ရီပတ်ဘရီကန်ခေါင်းဆောင်ပိုင်းက   ငြင်းဆန်ထားပြီး အတိုက်အခံဖြစ်သည့် ဒီမိုကရတ်များဖက်ကလည်း အဆိုပါ အသေးသုံး ဘတ်ဂျက်ရန်ပုံငွေကို တားဆီးပိတ်ဆို့ဖို့ ဆုံးဖြတ်ထားပုံ ရနေသည်။

ဇန်နဝါရီ ၁၈ ရက်က အောက်လွှတ်တော်တွင် အတည်ပြုမှု ရထားသည့် ဘဏ္ဍာရေးရန်ပုံငွေ အဆိုပြုချက်အား လက်မခံနိုင်သဖြင့် တားဆီးပိတ်ဆို့ရန် ဒီမိုကရတ်မဲများ လုံလုံလောက်လောက် ရှိနေကြောင်း အထက်လွှတ်တော်သတင်းရင်းမြစ်တစ်ရပ်ထံမှ အီးပီအေက ကြားသိရသည်။

ရီပတ်ဘရီကန်များက အိမ်ဖြူတော်သို့ သမ္မတ ထရမ့် ရောက်ရှိသည့် ပထမနှစ်ပတ်လည်ကာလနှင့် တိုက်ဆိုင်စွာ ဖြစ်ပေါ်လာနိုင်ခြေရှိနေသော အစိုးရယန္တရား ယာယီတန့်ရပ်ခြင်းကို   ရှောင်ရှားလိုနေသည်။

သို့သော် ၂၀၁၃ ခုနှစ်အတွင်းက Obamacare ဟု အသိများသော ကျန်းမာရေးစောင့်ရှောက်မှုဥပဒေ ရုပ်သိမ်းရန် ကြိုးစားရာတွင် ရီပတ်ဘရီကန်များက အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့ခြင်းကြောင့် သီတင်းနှစ်ပတ်ကြာမျှ အစိုးရယန္တရား ရပ်တန့်မှု ဖြစ်ခဲ့ဖူးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly