မုုိင်းခေါင် စစ်ပြေးဒုုက္ခသည် ၃ ဦး အသတ်ခံရမှုဖြင့် တပ်မတော်သား ၆ ဦးကို တပ်မှ ရာသက်ပန် ထုတ်ပယ်၍ ထောင်ဒဏ် ၁၀ နှစ် ချမှတ်

မုုိင်းခေါင် စစ်ပြေးဒုုက္ခသည် ၃ ဦး အသတ်ခံရမှုဖြင့် တပ်မတော်သား ၆ ဦးကို တပ်မှ ရာသက်ပန် ထုတ်ပယ်၍ ထောင်ဒဏ် ၁၀ နှစ် ချမှတ်
(ဓာတ်ပုံ - အေအက်ဖ်ပီ)

ချင်းမိုင်(မဇ္ဈိမ)။          ။ ကချင်ပြည်နယ် မန်စီမြို့နယ် မိုင်းခေါင်ဒုက္ခသည်စခန်းမှ ရွာသား ၃ ဦး အသတ်ခံရမှုဖြင့်  ခမရ ၃၁၉ စခန်းမှ တပ်မတော်သား ၆ ဦးကို ဇန်နဝါရီလ ၁၉ ရက်နေ့က တပ်မတော် စစ်ခုံရုံးတွင် ထောင်ဒဏ် ၁၀ နှစ် အမိန့်ချမှတ်လိုက်သည်ဟု သိရသည်။

မန်စီမြို့ အခြေစိုက် ခမရ ၃၁၉ စခန်းမှ တပ်ရင်းမှူး ဇေယျဦး၊ စစ်ကြောင်းမှူး ဗိုလ်ကြီးလွမ်းမိုးအောင်၊ ဗိုလ်ကြီး ကျော်ဇင်မြင့်၊ ဗိုလ်ကြီး မျိုးသူဇော်၊ ဒုတပ်ကြပ် ရှိင်းထက်အောင်နှင့် တပ်သားဖြိုးကိုတို့ ၆ ဦးတို့ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်လိုက်ခြင်း ဖြစ်သည်။

“သူတို့ ၆ ယောက် တပ်ရင်းမှူး၊ ဗိုလ်ကြီးတွေ၊ တပ်ကြပ်၊ တပ်သားတွေကို တပ်ကနေ ရာထူးချပြီးတော့ တပ်မတော်ကနေ ရာသက်ပန်ထုတ်ပယ်ပေါ့။ ပြီးတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ် ကျဖို့အတွက် အမိန့်ချတယ်”ဟု တပ်မတော်စစ်ခုံရုံးသို့ သွားရောက်ခဲ့သော ဗန်းမော်မြို့မှ အရပ်ဘက်လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ် ကိုအောင်မျိုးဆန့်က ပြောသည်။

စီရင်ချက်ချမှတ်ပြီးနောက် တပ်မတော် အရာရှိတစ်ဦးက အရပ်ဘက်လူမှုအဖွဲ့အစည်းများအား ခေါ်ယူသည့် ရည်ရွယ်ချက်သည် တပ်မတော်ဘက်မှ ထိုသို့ အမိန့်ချမှုကို အသိပေးလိုခြင်း၊ ပွင့်လင်းမြင်သာမှု ရှိရှိဖြင့် စီရင်ချက် ချမှတ်ခြင်းကို အသိပေးလိုခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း တပ်မတော်သား တရားခံများအား မည်သည့် အကျဉ်းထောင်သို့ ပို့ဆောင်မည်ကို ပြောဆိုခြင်း မရှိကြောင်း သိရသည်။

“တဖက်မှာ တပ်မတော်အနေနဲ့ သူတို့ လုပ်တဲ့လုပ်ငန်းတွေအပေါ်မှာ ပွင့်လင်းမြင်သာမှုရှိအောင် သူတို့ လုပ်ဆောင်လာတယ်လို့ ကျွန်တော်တို့ မြင်တယ်။ ဒါပေမယ့်လဲတဖက်မှာက ဒီလိုလုပ်တဲ့ထဲ ဒီ့ထက်ပိုပြီး သိကျတဲ့အဖြေမျိုးထွက်ဖို့ လိုတယ်။ ဒါပေမဲ့ ခုနပြောသလိုပဲ။ဘယ်မှာချလိုက်သလဲ။ သူတို့ရှိနေတယ်ဆိုတာကို ကျွန်တော်တို့ ဘယ်လို မြင်နိုင်မလဲပေါ့။ ဒါတွေက ကျွန်တော်တို့အတွက် သံသယတော့ ရှိစေတယ်”ဟု သူက ပြောသည်။

တပ်မတော် စစ်ခုံရုံးသို့ မိုင်းခေါင် ဒုက္ခသည်စခန်း တာဝန်ခံ၊ ဘာသာရေးဆရာများ၊ အသတ်ခံရသည့် မိသားစုဝင်များ၊ ဗန်းမော်မှ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ကိုယ်စားလှယ် ၁၁ ဦးကျော်နှင့် အစိုးရ၊ တပ်မတော်ဘက်မှ ရဲ၊ စသုံးလုံး၊ စရဖ၊ အက်စ်ဘီ တို့လည်း တက်ရောက်ခဲ့သည်ဟု သူက ပြောသည်။

“အရင်ကထက်စာရင် ကျွန်တော်တို့ ရှေ့မှာ စစ်ဆေးတယ်။ ကျွန်တော်တို့ကိုလည်း ခေါ်ပြီး အမိန့်ချတယ် ဆိုတော့ ပွင့်လင်းမြင်သာတယ်လို့ ပြောရမှာပေါ့နော်”ဟု မိုင်းခေါင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးပီတာဘောက်နော်က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် မေလ ၂၅ ရက်နေ့က မိုင်းခေါင်ကျေးရွာ ကက်သလစ်အသင်းတော် ကယ်ဆယ်ရေးစခန်းမှ အသက် ၂၂ နှစ် ဦးမရန်ဘရန်ဆိုင်း၊ အသက် ၃၁ နှစ်အရွယ် ဦးအင်ခွမ်ဂမ်အောင်၊ အသက် ၂၇ နှစ်အရွယ် ဦးလဗျနော်ခွမ်းတို့ ၃ ဦး နေ့စားအလုပ် လုပ်ကိုင်၍ ပြန်လာစဉ် လမ်းတွင် အသတ်ခံခဲ့ရသည်။

တပ်သားဖြိုးကို ကိုင်ဆိုင်ထားသည့် သေနတ်မှ မတော်တဆ ကျည်ပေါက်ထွက်သွားပြီး ဖမ်းဆီးထားသည့် အထဲမှာ မောင်ဂမ်အောင်ဆိုသူကို ထိမှန်ခြင်းကြောင့် သေဆုံးခဲ့ကြောင်း ၊ ယင်းနောက် အတူဖမ်းဆီးထားသည့် မောင်ဘရန်ဆိုင်းနှင့် မောင်နော်ခွမ်တို့အား စစ်ကြောင်းမှူး ဗိုလ်ကြီးလွမ်းမိုးအောင်နှင့် အဖွဲ့မှ စုပေါင်းတိုင်ပင်ပြီး သတ်ဖြတ်ခဲ့သည်ဟု သိရသည်။

အဆိုပါ ၃ ဦး ကို ခမရ ၃၁၉ စစ်ကြောင်းမှ ဖမ်းဆီးသွားခဲ့ပြီး အသတ်ခံရခြင်း ဖြစ်ကာ အသတ်ခံရပြီးသုံးရက်မြောက်နေ့ ၂၈ ရက်နေ့တွင် မိုင်းခေါင်ကျေးရွာအနီး အလောင်းကို ပြန်လည် ဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly