မြောက်ကိုရီးယားနှင့် ပေါင်းထားသည့် ဟော်ကီအသင်းက ဆုမချိတ်ဟု ပြောမိသည့်အတွက် တောင်ကိုရီးယားဝန်ကြီးချုပ် ပြန်လည်တောင်းပန်

မြောက်ကိုရီးယားနှင့် ပေါင်းထားသည့် ဟော်ကီအသင်းက ဆုမချိတ်ဟု ပြောမိသည့်အတွက် တောင်ကိုရီးယားဝန်ကြီးချုပ် ပြန်လည်တောင်းပန်

ဆိုးလ်၊ ဇန်နဝါရီ ၁၉ ။           ။ မြောက်ကိုရီးယားနှင့်အတူ ပေါင်းဖွဲ့ထားသည့် အမျိုးသမီးရေခဲပြင်ဟော်ကီအသင်းသည် ယခု ကျင်းပမည့် ဆောင်းရာသီအိုလံပစ်ပွဲတွင် ဆုချိတ်လိမ့်မည်မဟုတ်ဟု   ပြောခဲ့သည့် တောင်ကိုရီးယားဝန်ကြီးချုပ်က ဇန်နဝါရီ ၁၉ ရက်တွင် ပြန်လည်တောင်းပန်ခဲ့သည်။

ကိုရီးယားနှစ်နိုင်ငံသည် အမျိုးသမီးဟော်ကီအသင်းကို နှစ်ဖက်ကစားသမားများဖြင့် ပေါင်းဖွဲ့ပြီး လာမည့်လ တောင်ကိုရီးယားနိုင်ငံ ပြုံယွန်ချန်းမြို့တွင် ကျင်းပမည့် အိုလံပစ်ပွဲတွင် ထည့်သွင်းယှဉ်ပြိုင်ရန် ယခုသီတင်းပတ်အတွင်းက သဘောတူညီမှု ရထားခြင်း ဖြစ်သည်။

မြောက်ကိုရီးယား၏ လက်နက်စီမံကိန်းကြောင့် ဖြစ်ပေါ်နေသော တင်းမာမှုများ ပြေလျှော့လျက် “ငြိမ်းချမ်းသော အိုလံပစ်ပွဲတော်”အဖြစ် တောင်ကိုရီးယားက ကြိုးစားနေခြင်းဖြစ်ကာ   မြောက်ကိုရီးယားဖက်က ပါဝင်ရန် သဘောတူခဲ့ပြီးနောက် ယခုကဲ့သို့ ပေါင်းဖွဲ့အမျိုးသမီးဟော်ကီအသင်း ဖွဲ့စည်းလာခြင်းလည်း ဖြစ်သည်။

သို့သော်လည်း အဆိုပါ ပေါင်းဖွဲ့အသင်းကို တောင်ကိုရီးယားဖက်တွင် ဝေဖန်မှုများ ရှိလာပြီး တောင်ကိုရီးယားအားကစားသမားတစ်ချို့ အိုလံပစ်ပွဲ ယှဉ်ပြိုင်ခွင့် ဆုံးရှုံးရလိမ့်မည်ဟု ပြောဆိုကြသည်။

ဇန်နဝါရီ ၁၈ ရက်တွင် တောင်ကိုရီးယား ဝန်ကြီးချုပ်ဖြစ်သူ လီနက်ယွန်က အမျိုးသမီးဟော်ကီအသင်းများတွင် ကမ္ဘာ့အဆင့်မှာ ၂၂ ချိတ်သော တောင်ကိုရီးယားနှင့် ၂၅ ချိတ်သော မြောက်ကိုရီးယားတို့၏ အဆိုပါ ပေါင်းဖွဲ့အသင်းသည် ဆုနှင့် လွဲလိမ့်မည်ဟု ပြောခဲ့ခြင်းဖြစ်သည်။

ထိုသို့သော ပြောစကားအပေါ် လူထု၏ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုများ ထွက်ပေါ်လာခြင်းကြောင်း ဇန်နဝါရီ ၁၉ ရက်တွင် ဝန်ကြီးချုပ်က ၎င်း၏ နှုတ်ထွက်စကားကြောင့် ထိခိုက်မှု ဖြစ်ရသည့်သူများကို တောင်းပန်စကား ဆိုလာခြင်း ဖြစ်သည်။

“ကျွန်တော် ဝန်ခံပါတယ်။ ကျွန်တော် ပြောလိုက်တဲ့ စကားဟာ နားလည်မှုတွေ လွဲမှားသွားစေလိမ့်မယ်ဆိုတာကိုပါ။”ဟု ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly