KBC စေတနာ့ဝန်ထမ်း ကျောင်းဆရာမ နှစ်ဦး အသတ်ခံရမှု အမှန်တရားဖော်ထုတ်ပေးရန် တောင်းဆို

KBC စေတနာ့ဝန်ထမ်း ကျောင်းဆရာမ နှစ်ဦး အသတ်ခံရမှု အမှန်တရားဖော်ထုတ်ပေးရန် တောင်းဆို

ချင်းမိုင်၊ ဇန်နဝါရီလ ၁၉။          ။ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC)မှ စေတနာ့ဝန်ထမ်း ကျောင်းဆရာမ နှစ်ဦး အဓမ္မပြုကျင့်ခံရ၍ သတ်ဖြတ်ခံရမှု အမှတ်ရ အောက်မေ့ ဖွယ် ဆုတောင်းခြင်း အခမ်းအနားကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နောင်နန်းကျေးရွာ ဂျော်ဘွမ်တွင် ဇန်နဝါရီလ ၁၉ ရက်နေ့က ပြုလုပ်ခဲ့သည်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ကျူကုပ်ပန်ဆိုင်းမြို့နယ် နမ့်တောင်းကျေးရွာအုပ်စု ကောင်းခါးကျေးရွာမှ KBC ဘုရားကျောင်းဝင်းရှိ နေအိမ်တွင် အသက် ၂၀ နှစ်အရွယ် စေတနာ့ ဝန်ထမ်းကျောင်းဆရာမ  မရန်လုရာနှင့် အသက် ၂၁ နှစ်အရွယ် ဆရာမ တန်ဘောင်ခေါန်နန်စင် တို့ ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၁၉ ရက်နေ့ည က အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ခြင်း ၃ နှစ်ပြည့် အဖြစ် ဆုတောင်းခြင်း ဖြစ်သည်။

“ဒီနေ့ ၃ နှစ်မြောက်ဆုတောင်း အစည်းအဝေးမှာ ကျနော်တို့ မြန်မာနိုင်ငံမှာ ရှိသောခေါင်းဆောင်များ၊ အကြီးအကဲများကို ကျနော်တိုက်တွန်း တောင်းဆိုပါတယ်။ အမှန်တရားကို အမြန်ဖော်ထုတ်ပြီးတော့မှ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ခိုင်မြဲသွားဖို့အတွက် အနာဂတ်မှာ ကျနော်တို့ မျော်လင့်လျက်ရှိတယ်”ဟု KBC အထွေထွေ အတွင်းရေးမှူး ဒေါက်တာခလမ်ဆမ်ဆွန်က အခမ်းအနားတွင် ပြောကြားခဲ့သည်။

KBC က အမှန်တရား ပေါ်ပေါက်ရန်အတွက် လုပ်ဆောင်နေခြင်းသည် မည်သည့် အဖွဲ့အစည်း၊ မည်သည့် ပုဂ္ဂိုလ်ကိုမှ ထိခိုက်စေလိုခြင်း မဟုတ်ဘဲ မြန်မာနိုင်ငံတွင် တရားမျှတမှု ဥပဒေ စိုးမိုးရေး ရှိစေလိုသည့် ခံယူချက်၊ ယုံကြည်ချက်ဖြင့် ကြိုးပမ်းနေခြင်း ဖြစ်သည်ဟု ဒေါက်တာ ခလမ်ဆမ်ဆွန်က အခမ်းအနားတွင်လည်း ထည့်သွင်း ပြောကြားခဲ့သည်။

သို့သော် ဆရာမ နှစ်ဦးကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သော တရားခံကို ဖော်ထုတ်နိုင်ခြင်း မရှိသဖြင့် အမှုသွားအမှုလာ လုပ်ဆောင်မှုတွင် တိုးတက်မှုမရှိ ဖြစ်နေသည်ဟု ဒေါက်တာခလမ်ဆမ်ဆွန်က မဇ္ဈိမကို ပြောသည်။

“ကျနော်တို့ကတော့အမှုမှန်ပေါ်အောင်တော့ ကျနော်တို့ တတ်နိုင်တဲ့ နည်းလမ်းနဲ့ အချက်အလက်တွေ စုဆောင်းနေပါတယ်။ တရားခံက မရှိဘူး ဖြစ်နေတယ်။ ကျနော်တို့ဘက်က တရားခံ စွဲဖို့ လက်ညိုးထိုးဖို့ လူမရှိဘူးဖြစ်နေတယ်။ အဓိကတော့ ကိုင်တွယ်မှုမှာ ရဲဘက်ကလည်း ရဲရဲ့ အမှုသွားအမှုလာ၊ ရဲဘက်က လုပ်မယ်ဆိုရင်လည်း အလုပ်မဖြစ်တာပေါ့။ ရဲကလည်း ဒါမျိုးမှာ သူတို့က ဘာမှ ဦးစီးဦးဆောင်ပြီးတော့မလုပ်နိုင်တော့ ဒီအတိုင်း ဖြစ်နေတယ်။ ရဲက လုပ်ဆာင်မှု အားနည်းနေတယ်လို့တော့ မပြောချင်ပါဘူး။ ရဲကလည်း လုပ်တုန်းကတော့ သေသေချာချာလုပ်တာဘဲ။ နောက်တော့ တဖြည်းဖြည်းနဲ့ ပေါ့ပေါ့သွားတာပေါ့နော်”ဟု သူက မဇ္ဈိမကို ပြောသည်။

KBC အသင်းတော်အနေဖြင့် ဆရာမ နှစ်ဦး အသတ်ခံရမှုအပေါ် အမှန်တရားပေါ်ပေါက်ရန်အတွက် ဆက်လက် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သူက ပြောသည်။

ယနေ့ ပြုလုပ်သော ဆရာမနှစ်ဦးအား အောက်မေ့ဖွယ် ဆုတောင်းခြင်း အခမ်းအနားတွင် ဆရာမနှစ်ဦး အသတ်ခံရမှု အခြေအနေများ၊ သူတို့နှစ်ဦး၏ အလောင်းကို သယ်ဆောင်လာစဉ် အခက်အခဲများကြားမှ မြစ်ကြီးနားမြို့သို့ သယ်ဆောင်ယူခဲ့ရသည့် အခြေအနေများ ပြန်လည် ရှင်းလင်း တင်ပြခဲ့ခြင်းနှင့် KBC ၏ ပညာရေး သာသာသနာပြုလုပ်ငန်းနှင့်ပတ်သက်သည့် ပြဇတ်များ ပြသခဲ့သည်။

ဆရာမ နှစ်ဦး အသတ်ခံရမှု အမှုမှန်ပေါ်ပေါက်ရန်အတွက် KBC အသင်းတော်တစ်ခုလုံးက ဘာသာဝင်များက ၂၄ နာရီ အစာရှောင်ဆုတောင်းခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။

KBC က အဆိုပါ အမှုကို အမှန်တရားဖော်ထုတ်ပေးရန် နိုင်ငံတော် သမ္မတထံသို့ စာရေးတင်ပြခဲ့ရာ စာနှင့် ပတ်သက်၍ ပြစ်မှု ကျူးလွန်သူများကို အရေးယူဆောင်ရွက်သွားမည်ဟု အကြောင်းပြန်ခဲ့သေ်ာလည်း ယနေ့ထိ အမှုမှန် ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly