လေယာဉ်ပေါ်မှာ ချစ်သူစုံတွဲတစ်တွဲကို လက်ထပ်ပေးခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး

လေယာဉ်ပေါ်မှာ ချစ်သူစုံတွဲတစ်တွဲကို လက်ထပ်ပေးခဲ့တဲ့ ပုပ်ရဟန်းမင်းကြီး

ဇန်နဝါရီ ၁၉ ။           ။ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ၎င်းရဲ့ ချီလီနိုင်ငံခရီးစဉ်အတွင်း ဇနဝါရီ ၁၈ ရက်က လေယာဉ်ပေါ်မှာ ချစ်သူစုံတွဲတစ်တွဲကို လက်ထပ်ပေးခဲ့တယ်လို့ သိရပါတယ်။

ပုပ်ရဟန်းမင်းကြီးရဲ့ ချီလီခရီးစဉ်အတွင်း မြို့တော် Santiago ကနေ နိုင်ငံမြောက်ပိုင်း ဆိပ်ကမ်းမြို့ Iquique ကို လေယာဉ်နဲ့ သွားရောက်စဉ် လမ်းခရီးမှာ ယခုလို ချစ်သူစုံတွဲတစ်တွဲကို လက်ထပ်ပေးခဲ့တာဖြစ်ပါတယ်။

" ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၈ ရက် ဒီနေ့မှာ ဆန်တီယာဂိုကနေ အစ်ကွီမြို့ကို သွားတဲ့ လေယာဉ်ပေါ်မှာ သတို့သားဖြစ်တဲ့ မစ္စတာ ကားလို့စ် စီယူဖာဒီ အယ်လိုရီဂါနဲ့ သတို့သမီး မစ္စစ် ပေါလာ ပိုဒက်စ် အူရိစ် တို့ လက်ထပ်စာချုပ် ချုပ်ခဲ့ကြပါတယ်၊ ဒီပွဲကို ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ သဘောတူညီချက်နဲ့ သူ့ရှေ့မှောက်မှာ ပြုလုပ်ခဲ့ပါတယ်" ဆိုပြီး လက်ရေး လက်ထပ်စာချုပ်မှာ ဖော်ပြထားပါတယ်။

ယင်းစာချုပ်မှာ အသိသက်သေတွေအဖြစ် ချီလီလေကြောင်းလိုင်း Latam ရဲ့ပိုင်ရှင်တစ်ဦးနဲ့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်တို့က  လက်မှတ်ရေးထိုးပေးခဲ့တယ်လို့ သိရပါတယ်။

လေယာဉ်အမှုထမ်းတွေဖြစ်ကြတဲ့ အသက် ၃၉ နှစ်ရှိ ပိုဒက်စ် နဲ့ ၄၁ နှစ်အရွယ် စီယူဖာဒီ တို့နှစ်ဦးကတော့ ပြီးခဲ့တဲ့ ၂၀၁၀ တုန်းက ဘာသာရေးထုံးတမ်းအတိုင်း လက်ထပ်ပွဲကျင်းပဖို့ စီစဉ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ သိရပါတယ်။ ယင်းအချိန်တုန်းက ချီလီတောင်ပိုင်းမှာ ပြင်းအား ၈ ဒသမ ၈ အဆင့်ရှိ ငလျင်ကြီးလှုပ်သွားခဲ့တာကြောင့် သူတို့လက်ထပ်ပွဲကျင်းပမယ့် ဘုရားကျောင်း ပျက်ဆီးသွားခဲ့လို့ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly