မကွေးတိုင်းအတွင်း အသံချဲ့စက်နှင့် ဆောင်းဘောက်များ အသုံးပြုမှု ပိုမိုကြပ်မတ်သွားမည်

မကွေးတိုင်းအတွင်း အသံချဲ့စက်နှင့် ဆောင်းဘောက်များ အသုံးပြုမှု ပိုမိုကြပ်မတ်သွားမည်

မကွေး၊ ဇန်နဝါရီ ၁၉ ။           ။ မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်များတွင် အသံချဲ့စက်နှင့် ဆောင်းဘောက်စ်များ အသုံး ပြုနေမှုအပေါ် ဥပဒေနှင့်အညီ အသုံးပြုရေး ပိုမိုကြပ်မတ်ဆောင်ရွက်သွားရန် ခရိုင်ထွေ/အုပ်များသို့ ညွှန်ကြားစာများ ပေးပို့ ဆောင်ရွက်လျက်ရှိကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောကြားသည်။

မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်များ၌ ဘာသာရေး၊ လူမှုရေးပွဲများတွင် အသံချဲ့စက်များ၊ ဆောင်းဘောက်စ်များ အသုံးပြုနေမှုအား ဥပဒေနှင့် အညီ အသုံးပြုရေး ပိုမိုကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းဦးက ယနေ့ ဇန်နဝါရီ ၁၉ရက်နေ့က မဇ္ဈိမသတင်းဌာန၏ မေးမြန်းချက်ကို ဖြေကြားသွားခြင်း ဖြစ်သည်။

ထိုသို့ ကြပ်မတ်ဆောင်ရွက်ရန် ယနေ့ ဇန်နဝါရီလ ၁၉ ရက်တွင် ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနများသို့ စာပို့ညွှန်ကြားထားကြောင်း သိရသည်။

“ အသံချဲ့စက်နဲ့ ဆောင်း ဘောက်စ်တွေကို စနစ်တကျ အသုံးပြုစေရေး အတွက် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးမှူးများရဲ့ ကြီးကြပ်လမ်းညွှန်မှုနဲ့ ၂၀၁၂ခုနှစ် ရပ်ကွက်(သို့)ကျေး ရွာအုပ်စု အုပ်ချုပ်ရေးဥပဒေနဲ့ အဲ့ဒီဥပဒေကို တတိယအကြိမ် ်ပြင်ဆင်တဲ့ဲ ဥပဒေ အခန်း(၉) ပုဒ်မ ၁၈ ပါ ပြဌာန်းချက်တွေ၊ နည်းဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေ ပြဌာန်းထားရှိသော်လည်း စီမံခန့်ခွဲသည့် နည်းလမ်းနဲ့သာ ဆောင်ရွက်နေရတဲ့အတွက် ဥပဒေအသက်ဝင်မှု အားကောင်းလာစေဖို့ ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတွေကို ဒီနေ့ပဲ စာထွက်ညွှန်ကြားထားပါတယ်” ဟု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ပြောသည်။

ဘာသာရေး အလှူခံ မဏ္ဍပ်များနှင့် ဆွမ်းလောင်းအသင်းအချို့တွင် နေ့စဉ် နံနက်(၃)နာရီ သိုမဟုတ် (၄)နာရီမှ စတင်၍ အသံချဲ့စက်ဖြင့် နှိုးဆော်ခြင်း၊ ရွတ်ဖတ်ခြင်း၊ အလှူခံခြင်း၊ သီချင်းများ ဖွင့်ခြင်းတို့ကို  လုပ်ဆောင်လေ့ရှိကြသည်။

“ ဒီနေ့ပဲ စာရောက်ပါတယ်၊ရပ်ကျေးဥပဒေမှာလဲ ပါပြီးသားပါ၊ညွှန်ကြားတဲ့အတိုင်း ဆောင်ရွက်ဖို့ လုပ်ဆောင် နေပါတယ်” ဟု မင်းဘူးခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်က ပြောသည်။

အသံချဲ့စက်ဆိုင်ရာ ဥပဒေ စည်းကမ်းများ ထုတ်ပြန်ထားသော်လည်း လိုက်နာမှု အားနည်းကြောင်း စေတုတ္တရာ မြို့နယ် မဲဆန္ဒနယ် အမှတ်(၁) လွှတ် တော်ကိုယ်စားလှယ် ဒေါ်ညိုညိုဦးက ပြောသည်။

“ အသံချဲ့စက်တွေ ဆူညံသံတွေအပေါ် တစ်ဦးနဲ့တစ်ဦး အမုန်းခံပြီး တိုင်ကြားမှုမျိုး မရှိကြပါဘူး၊ အဲလို မြန်မာတို့ရဲ့ သည်းခံတတ်မှုအပေါ် ရောင့်တက်နေကြတာကြောင့် ဆူညံသံတွေကို နားကွဲလုမတတ်ခံ နေကြရပါတယ်၊ အသံချဲ့စက်ကို လိုအပ်တဲ့အချိန်မှာ လိုအပ်သလောက်ပဲ သုံးမယ်ဆိုရင် ပြည်သူတွေက နားလည်ပေးနိုင်ကြပါတယ်၊ အသံချဲ့စက်ဆိုင်ရာ ဥပဒေထုတ်ပြန်ထားပေမယ့် သက်ဝင်မှု မရှိတဲ့အတွက် ကြပ်မတ် ဆောင်ရွက်ပေးဖို့ တိုင်းလွှတ်တော်မှာ တင်ပြခဲ့ပါတယ်” ဟု ဒေါ်ညိုညိုဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly