ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်များ ပြောင်းလဲရန် ပါတီ၏ ဗဟိုအတိုင်ပင်ခံများနှင့် ဗဟိုအကြံပေးတို့ သမ္မတထံ တင်ပြခဲ့ဟုဆို

ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်များ ပြောင်းလဲရန် ပါတီ၏ ဗဟိုအတိုင်ပင်ခံများနှင့် ဗဟိုအကြံပေးတို့ သမ္မတထံ တင်ပြခဲ့ဟုဆို
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အသစ်ဖွဲ့စည်းလိုက်သည့် ပါတီခေါင်းဆောင်များဖြစ်သော အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်း၊ တွဲဘက်အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့် ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးတို့ ဩဂုတ် ၂၂ရက်က ပါတီရုံးချုပ်တွင် သတင်းစာရှင်း လင်းပွဲပြုလုပ်နေစဉ်။ (ဓာတ်ပုံ - မင်းမင်း၊ မဇ္စျိမ)

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးချုပ်တွင် ဩဂုတ် ၁၂ရက်ညက အခြေအနေ ရှုပ်ထွေးပြီးနောက် ၁၃ရက်တွင် သူရဦးရွှေမန်းအပါအဝင် ထိပ်ပိုင်းခေါင်းဆောင်တစ်ချို့ကို ရာထူးမှ ဖယ်ရှား၍ ပြောင်းလဲဖွဲ့စည်းလိုက်ခြင်းမှာ ပါတီ၏ ဗဟိုအတိုင်ပင်ခံနှင့် ဗဟိုအကြံပေးတို့က သမ္မတထံ တင်ပြခဲ့ခြင်းကြောင့်ဟု လက်ရှိပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်းက ပြောဆိုလိုက်သည်။  

ထိပ်ပိုင်းခေါင်းဆောင်တစ်ချို့အား ပြောင်းလဲဖွဲ့စည်းပြီးနောက် ပါတီရုံးချုပ်တွင် သုံးကြိမ်မြာက်ပြု လုပ်သည့် ဩဂုတ် ၂၂ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုလိုက်ခြင်းဖြစ်သည်။

 “ဗဟိုအတိုင်ပင်ခံ၊ ဗဟိုအကြံပေးတွေကနေမှ ဒါတွေ၊ ဒါတွေ ပြောင်းလဲဖို့လိုပြီ၊ ပြောင်းလဲပေးပါလို့ တင်ပြတာတွေရှိတာပေါ့ဗျာ။ ဒါကတော့ တရားဝင်အစည်းအဝေးနဲ့တင်ပြတာမဟုတ်ပါဘူး။ သူ့ဟာသူ တင်ပြကြတာပေါ့”  ဟု ဦးတင်နိုင်သိန်းက ဆိုသည်။

 “တင်ပြကြတဲ့အပေါ်မှာ သမ္မတကြီးအနေနဲ့ ပါတီအလုပ်တော့ တိုက်ရိုက်မလုပ်ဘူး။ ပြောင်းလဲဖို့တော့ လိုအပ်တယ်ဆိုရင် သူ့မှာ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း ၉၉(ခ)အရ လုပ်ပိုင်ခွင့်ရှိတယ်။ ဒါပေမယ့် အကြောင်းကြားပေးမယ်ဆိုပြီးတော့မှ လှမ်းအကြောင်းကြားပေးလိုက်တာ။ လှမ်းအကြောင်းကြား ပေးလိုက်တဲ့အခါကျတော့ ဒီအပေါ်မှာ ဦးဌေးဦးက ဖွဲ့စည်းရတာပေါ့ဗျာ” ဟု သမ္မတရုံးဝန်ကြီးဟောင်း လည်းဖြစ်သူ ဦးတင်နိုင်သိန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

 သို့သော် ပါတီ၏ လက်ရှိ ဥက္ကဌဖြစ်သော သမ္မတဦးသိန်းစိန်၏ ယင်းလုပ်ဆောင်ချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေအား ချိုးဖောက်ခြင်းမရှိဟု ဆိုသည်။

ထိပ်ပိုင်းခေါင်းဆောင်အချို့ မပြောင်းလဲခင်က ပါတီ၏ ဗဟိုအကြံပေးနှင့် ဗဟိုအတိုင်ပင်ခံအဖြစ် တာဝန်ယူထား သူများမှာ ဗဟိုအကြံပေးအဖြစ် ဦးစိုးသာ၊ ဦးမောင်ပါ၊ ဒေါက်တာချမ်းငြိမ်းနှင့် ဗဟိုအတိုင်ပင်ခံများအဖြစ် ဦးတင်ထွတ်၊ ဦးသောင်း စသူတို့ဖြစ်သည်။

လက်ရှိ အာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်ရှိ ရုံးချုပ်အတွင်း ဩဂုတ် ၁၂ရက်ည သန်းခေါင်အချိန်တွင် ကားများ ဝင်ချည်၊ ထွက်ချည်ဖြင့် အခြေအနေ ရှုပ်ထွေးခဲ့ပြီး နောက်တစ်ရက်တွင် သူရဦးရွှေမန်းအပါအဝင် ပါတီထိပ်ပိုင်းခေါင်းဆောင်အချို့ကို ရာထူးမှ ဖယ်ရှားခဲ့ကာ ပါတီ၏ ပူးတွဲဥက္ကဌဖြစ်သော သူရဦးရွှေမန်း၏နေရာတွင် ဦးဌေးဦးကို အစားထိုးလိုက်ကြောင်း ကြေငြာခဲ့သည်။

ရာထူးမှ ဖယ်ရှားခံလိုက်ရသည့် သူရဦးရွှေမန်းမှာ လက်ရှိတွင် ပါတီ၏ ဗဟိုကော်မတီဝင် တစ်ဦးအဖြစ်သာရှိနေ ပြီး ပါတီမှ နှုတ်ထွက်သွားမည်ကို စိုးရိမ်မှုမရှိဟု ဦးတင်နိုင်သိန်းက ပြောသည်။

 “လုံးဝစိုးရိမ်မှု မရှိပါဘူး။ဘာဖြစ်လို့လဲဆိုတော့ သူ့အပေါ်မှာယုံကြည်တယ်။ ဘာလို့ ယုံကြည်ရသလဲဆိုရင် သူဟာ နိုင်ငံတော်မှာ ထမ်းဆောင်လာတဲ့အခါမှာ ထမ်းဆောင်ခဲ့တဲ့ အဖွဲ့အစည်းထဲမှာ အင်မတန်မှ သစ္စာရှိတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

သတင်းစာရှင်းလင်းပွဲတွင် ပါတီ၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးတင်နိုင်သိန်းအပါအဝင် တွဲဘက်အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့် ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးတို့ တက်ရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly