ဘရာဇီးတွင် လူအုပ်ထဲ ကားဝင်တိုက်မှုကြောင့် လသားအရွယ်ကလေးတစ်ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ

ဘရာဇီးတွင် လူအုပ်ထဲ ကားဝင်တိုက်မှုကြောင့် လသားအရွယ်ကလေးတစ်ဦး သေဆုံးပြီး ၁၅ ဦး ဒဏ်ရာရ

 

ဇန်နဝါရီ ၁၉ ။                         ။ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့က နာမည်ကျော် ခရီးသွားကမ်းခြေရပ်ကွက်တစ်ခုမှာ ဇန်နဝါရီ ၁၈ ရက် ညနေပိုင်းက လူအုပ်စုထဲ ကားတစ်စီးက အရှိန်နဲ့ ဝင်တိုက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားသွားခဲ့ပြီး ကလေးတစ်ဦး သေဆုံးကာ ၁၅ ဦး ဒဏ်ရာရသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ခရီးသွားတွေနဲ့ အထူးစည်ကားလှတဲ့ အဆိုပါ ကိုပါကာဘာနာ ကမ်းခြေ ရပ်ကွက်မှာ ယင်းဖြစ်စဉ် ဖြစ်သွားခဲ့တာဖြစ်ပြီး ရှစ်လအရွယ်သာ ရှိသေးတဲ့ ကလေးငယ်တစ်ဦး သေဆုံးသွားခဲ့ပါတယ်။

ယခုဖြစ်စဉ်မှာတော့ အကြမ်းဖက်မှု တစ်ခုအဖြစ် ရဲက သုံးသပ်ပြောကြားသွားခဲ့ခြင်း မရှိပေ။

G1 သတင်းဝက်ဆိုဒ်ရဲ့ ဖော်ပြချက်အရ ယင်းကားဒရိုင်ဘာဖြစ်သူဟာ  ဖြစ်ဖြစ်ချင်း ထွက်ပြေးဖို့ ကြိုးစားခဲ့သေးပေမယ့် ချက်ချင်းပဲ ရဲက ဖမ်းဆီးလိုက်နိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ၎င်းဟာ ဝက်ရူးပြန်တတ်သူတစ်ဦးဖြစ်တာကို စစ်ဆေးတွေ့ရှိရပြီး ကားထဲမှာ ယင်းဝေဒနာအတွက် သောက်ရတဲ့ ဆေးတွေကိုပါ ရှာတွေ့ခဲ့တယ်လို့ အဆိုပါသတင်းဌာနက ဖော်ပြပါတယ်။

မျက်မြင်တွေ့ရှိသူတွေရဲ့ အဆိုအရ ကားဟာ စက်ဘီးစီးလမ်းကို ဖြတ်ကျော်တက်လာပြီး လူသွားစြင်္ကန်အတိုင်း ဆက်မောင်းရင်း လူတွေ၊ စားပွဲတွေ၊ ထိုင်ခုံတွေကို ဖြတ်တိုက်ပြီးမှ ကမ်းခြေသောင်ပြင်ပေါ်မှာ ရပ်တန့်သွားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ယခုအခါမှာ ဒရိုင်ဘာဖြစ်သူကို စစ်ဆေးအရေးယူဖို့ လုပ်ဆောင်နေပြီး ဒဏ်ရာရရှိသူ ၁၅ ဦးကိုတော့ ဆေးရုံကို တင်ပို့ပေးထားရတယ်လို့လည်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly