မက္ကစီကို၌ ရထားလမ်းချော်မှုဖြစ်ပွားပြီး လူ ၅ဦးခန့်သေဆုံး

မက္ကစီကို၌ ရထားလမ်းချော်မှုဖြစ်ပွားပြီး လူ ၅ဦးခန့်သေဆုံး

 

မက္ကစီကိုစီးတီး၊ ဇန်နဝါရီ ၁၉ ။                    ။ မက္ကစီကိုနိုင်ငံမြို့တော် မက္ကစီကိုစီးတီးမြို့၏ မြောက်ဘက်ခြမ်းမှ ဆင်ခြေဖုန်းအရပ်၌ ကြာသာပတေးနေ့က ကုန်တင်ရထားတစ်စီး လမ်းချော်ကာ သံလမ်းအနီးမှနေအိမ်များကို အရှိန်နှင့်ဝင်တိုက်မိခဲ့သောကြောင့် ကလေးငယ် ၃ ဦးအပါအဝင် လူပေါင်း ၅ ဦးခန့် သေဆုံးခဲ့သည်။

အဆိုပါမတော်တဆဖြစ်မှုသည် အာရုဏ်မတက်မီချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကာ ရထားတိုက်ခံခဲ့ရသော နေအိမ်အတွင်းရှိလူများသည် အိပ်ပျော်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသူတို့သည် ရထားတိုက်ခံရမှုကြောင့် အိမ်နံရံပြိုကျပြီး သေဆုံးခြင်းဖြစ်သလား၊ သို့မဟုတ် ရထားကုန်တွဲထဲမှ အမြောက်အမြားသယ်ဆောင်လာသော ပြောင်းဖူးများ ပိ၍ သေဆုံးခြင်းဖြစ်သလား ဆိုတာကို တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိသည်။

မက္ကစီကိုမှ သယ်ယူပို့ဆောင်ရေးဌာနကလည်း ၎င်းတို့သည် ရထားလမ်းချော်မှုနှင့်ပက်သက်၍ စုံစမ်းစစ်ဆေးနေ ပြီး ယင်းရထားတွဲကို ကန်ဆက်စီးတီး ဆောက်သမ်းဒီမက္ကစီကို ကုမ္ပဏီမှ ပိုင်ဆိုင်ခြင်းဖြစ်ကြောင်း ပြောခဲ့သည်။

ယင်းမတော်တဆဖြစ်ရပ်အတွင်း ရထားတွဲနှစ်စီးလမ်းချော်ခဲ့ခြင်းဖြစ်ပြီး တစ်တွဲမှာ နေအိမ်နှစ်လုံးကို ဝင်တိုက်မိ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒါ့အပြင် နောက်ဆက်တွဲသတင်းများအရ ယင်းမတော်တဆမှုကြောင့် လူပေါင်း ၆ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း လည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly