ရခိုင်စည်ပင်ဝန်ကြီးအား တာဝန်မှ ရပ်စဲ

ရခိုင်စည်ပင်ဝန်ကြီးအား တာဝန်မှ ရပ်စဲ
ရခိုင်စည်ပင်ဝန်ကြီးရာထူးမှ ရပ်စဲခြင်းခံရသည့် ဦးမင်းအောင်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ စည်ပင်သာယာရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးမင်းအောင်အား ယနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့၊ နိုင်ငံတော်သမ္မတက တာဝန်မှ ရပ်စဲလိုက်သည်။

ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီး ဦးမင်းအောင်သည် နိုင်ငံတော်က ဥပဒေအရ ပေးအပ်သည့် တာဝန်ကို ကျေပွန်စွာ မထမ်းဆောင်နိုင်သည့်အတွက် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးစီးပွား နစ်နာဆုံးရှုံးသည်ဟု ဆိုကာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးက နိုဝင်ဘာလ ၂၉ ရက်နေ့တွင် လက်မှတ်ရေးထိုး တိုင်ကြားခဲ့ကြခြင်း ဖြစ်သည်။

စွပ်စွဲပြစ်တင်ချက်နှင့် ပတ်သက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ၅ ဦးပါဝင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ခုကို ဖွဲ့စည်းစစ်ဆေးစေခဲ့ပြီး အပြီးသတ် အစီရင်ခံစာကို ဒီဇင်ဘာလ ၁၉ ရက်နေ့က ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစံကျော်လှထံ တင်ပြခဲ့ကြခြင်းဖြစ်သည်။

ထို့ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် ရခိုင်ပြည်နယ် စည်ပင်ဝန်ကြီးဦးမင်းအောင်အား ပေးအပ်သည့် တာဝန်များကို ဆက်လက်ထမ်း ဆောင်ရန်မသင့်ဟု ရခိုင်ပြည်နယ်လွှတ်တော်က  ဇန်နဝါရီ ၂ ရက်တွင် အရေးပေါ်အစည်းအဝေးခေါ်ယူကာ ဆုံးဖြတ်လိုက်ကြောင်း ပေါက်တော (၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ထွီးကမဇ္ဈိမသို့အတည်ပြုပြောသည်။

လွှတ်တော်အရေးပေါ်အစည်းအဝေးတွင် ဦးမင်းအောင်ကို တာဝန်ဆက်လက်ထမ်းဆောင်ရန်မသင့်ဟူသည့်အဆိုပါ ထောက်ခံသူ ၃၇ မဲနှင့် ကန့်ကွက်မဲ ၈ မဲ ရရှိခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် လွှတ်တော်တွင် လွှတ်တော်မတတ်သည့် တပ်မတော်သား ကိုယ်စားလှယ်တစ်ဦးကလွဲ၍ ကျန် ကိုယ်စားလှယ်များ ၄၅ ယောက်က ဆန္ဒမဲပေး ဆုံးဖြတ်ခဲ့ကြခြင်းလည်းဖြစ်သည်။

လွှတ်တော်သို့တင်ပြသည့်အချိန်တွင် ကိုယ်စားလှယ် စုစုပေါင်း၏ သုံးပုံနှစ်ပုံမှ တာဝန်ဆက်လက်ထမ်းဆောင်ဖို့ မသင့်ဟု ဆုံးဖြတ်ပါက လွှတ်တော် ဥက္ကဋ္ဌက နိုင်ငံတော် သမ္မတထံ အစီရင်ခံရမည်ဖြစ်ပြီး နိုင်ငံတော်သမ္မတမှ ဝန်ကြီးအား ရာထူးမှ ရပ်စဲရမည်ဟု ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြ ထားသည်။

စည်ပင်ဝန်ကြီး ဦးမင်းအောင်ကို တိုင်ကြားထားသည့်ကိစ္စနှင့်ပတ်သက်ပြီး  ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် မညီသည့်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအား စာတင်ထားသည်ဟု ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဇန်နဝါရီလ ၁၀ ရက်တွင် ပြောကြားထားသည်။

ထိုသို့ ဇန်နဝါရီလ ၂ ရက်တွင် ဆုံးဖြတ်ပြီးနောက် ၁၇ ရက်အကြာ တာဝန်မှ ရပ်စဲလိုက်ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly