သူရဦးရွှေမန်း ကိုယ်စားလှယ်လောင်း စီစစ်ခံပြီး ကညွတ်ကွင်းမြို့ပြည်သူများနှင့်တွေ့ဆုံ

သူရဦးရွှေမန်း ကိုယ်စားလှယ်လောင်း စီစစ်ခံပြီး ကညွတ်ကွင်းမြို့ပြည်သူများနှင့်တွေ့ဆုံ
သူရဦးရွှေမန်း ပဲခူးတိုင်း အစိုးရ အဖွဲ့ဝင်များနှင့် တွေ့ဆုံ။ ဓါတ်ပုံ - ဦးလွင်

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းသည် ၂၀၁၅ ရွေးကောက်ပွဲတွင် ၎င်းဝင်ရောက်ယှဉ်ပြိုင်မည့် ပဲခူးတိုင်း၊ တောင်ငူခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံး၌ ကိုယ်စားလှယ်လောင်း စိစစ်ခံပြီး ဖြူးမြို့နယ် ကညွတ်ကွင်းရှိ ပြည်သူများနှင့်လည်း သြဂုတ် ၂၂ ရက်က တွေ့ဆုံခဲ့သည်။

သူရ ဦးရွှေမန်းက ၂၀၁၅ ရွေးကောက်ပွဲတွင် ဖြူးမြို့နယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး ၎င်းမွေးဇာတိ ကညွတ်ကွင်းမြို့သို့ လာရောက်စဉ် ဒေသအတွက်လိုအပ်ချက် အခက်အခဲများအား ပွင့်ပွင့်လင်း ပြောဆို တင်ပြရန် ဖိတ်ခေါ်ခဲ့သည်။ ဒေသခံများက လယ်ယာချေးငွေကိစ္စ၊ လယ်ယာလုပ် ကိုင်ခွင့် ပုံစံ ၇ ကိစ္စဆောင်ရွက်ရန်များအပြင် စစ်တောင်းမြစ် ရေလျှံ၍ တောင်သူများ ကြုံုတွေ့ရသည့် အခက်အခဲများကို တင်ပြခဲ့သည်။ တွေ့ဆုံပွဲတွင် ဒေသခံများ၏ တင်ပြချက်များအား နားထောင်ခဲ့ပြီး ၎င်းကလည်း တတ်နိုင်သမျှ နိုင်ငံအကျိုးဆောင်ရွက်မည်ဟု ပြောဆိုခဲ့သည်။

တွေ့ဆုံမှုတွင် ဖွံ့ဖြိုးတိုးတက်မှုဆောင်ရွက်ရာ၌ တစ်နိုင်ငံလုံးရှိ အလုပ်သမား၊ လယ်သမားကိစ္စများ ချန်ထားမည်မဟုတ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

ယင်းအပြင် ၎င်းသည် ကညွတ်ကွင်းမြို့၊ ဈေးတောင်ရပ်ကွင် ပိဋကတ်တိုက်တော်အတွင်း အောင်တော်မူခန်းမ ဖွင့်ပွဲကိုလည်း တက်ရောက်ခဲ့သည်။ နေ့လည်ပိုင်းတွင် ဖြူးမြို့၊ မြို့မရပ်ကွက် ၂ တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဝန်ထမ်းများ၊ လွှတ်တော်ရေးရာ ကော်မတီဝင်များနှင့် အတူ ဖြူးမြို့နယ်အထောက် အကူပြု ကော်မတီဝင်များ၊ အစိုးရဝန်ထမ်းများနှင့်လည်း တွေ့ဆုံခဲ့သည်။

သူရဦးရွှေမန်းက ယခုကဲ့သို့ လာရောက်ခြင်းသည် လွှတ်တော်ဥက္ကတစ်ယောက်အနေဖြင့် လာရောက်ခြင်းဖြစ်ကြောင်းလည်း အသိပေးပြောကြားခဲ့သည်။ ခရီးစဉ်တွင် သူရဦးရွှေမန်းက ရေပေးဝေရေးကိစ္စများ၊ လျှပ်စစ်မီးရရှိရေးကိစ္စများ၊ ကျန်းမာရေးကိစ္စများအား အထူးအလေးထား ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly