ဒေါက်တာအေးမောင်၏ ပြောဆိုချက်များသည် လွတ်လပ်စွာ ပြောဆိုခွင့်၊ ယုံကြည်ခွင့် ဖြစ်ကြောင်း ANP ပါတီပြော

ဒေါက်တာအေးမောင်၏ ပြောဆိုချက်များသည် လွတ်လပ်စွာ ပြောဆိုခွင့်၊ ယုံကြည်ခွင့် ဖြစ်ကြောင်း ANP ပါတီပြော

ဇန်နဝါရီ ၁၈ ။          ။ ရသေ့တောင်မြို့နယ်တွင် ဟောပြောခဲ့သည့် ဟောပြောပွဲနှင့်ပတ်သက်ပြီး ဒေါက်တာအေးမောင်ကို နိုင်ငံတော်သစ္စာ ဖောက်ဖျက်ပုန်ကန်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းအပေါ်  လူတစ်ယောက်၏ လွတ်လပ်စွာ ပြောဆိုခွင့်၊ ယုံကြည်ခွင့် ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ( ANP ) ၏ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။

“ ကျွန်တော်တို့အနေနဲ့က  အရင် လက်တွဲလုပ်လာကတည်းက ဒေါက်တာအေးမောင်အနေနဲ့ ဥပဒေကို ဖောက်ဖျက်ပြီး လုပ်တတ်တဲ့ ဒေါက်တာအေးမောင်အနေနဲ့ ဥပဒေကို ဖောက်ဖျက်ပြီး လုပ်မယ့် သူမဟုတ်ဘူး။ ကျွန်နော်တို့နဲ့တွဲလာကတည်းက သူ့မှာ မရှိဘူးလို့ ကျွနိတော်တို့ မြင်တယ်လေ၊ အခု ဖြစ်ပျက်နေတဲ့ဟာက လည်း လူတစ်ယောက်ရဲ့ ပြောပိုင်ခွင့် ဆိုပိုင်ခွင့်ကို လွတ်လပ်စွာ ယုံကြည် ပိုင်ခွင့်ပေါ့၊ သူရဲ့ယုံကြည်ချက်ကို ပါးစပ်နဲ့ပြော သွားခဲ့တာ ဥပဒေကို ဖောက်ဖျက်တဲ့အလုပ်တွေကို ကိုယ်တိုင်ကိုယ်ကျ ကာယကံမြောက် လုပ်တာတွေ မရှိဘဲနဲ့ အခုလို အင်မတန်ကြီးမားတဲ့ ရာဇဝတ် ကြောင်းဆိုင်ရာ ပုဒ်မတွေ နိုင်ငံတော် ကျေးဇူးသစ္စာကို ဖောက်ဖျက်ပုန်ကန်တယ်ဆိုပြီး အဲဒီလိုပုဒ်မတွေ တပ်လိုက်တာကတော့ ဒါ ဒီမိုကရေစီ ကျင့်စဉ်အရ လူတစ်ယောက်ရဲ့လွတ်လပ်ခွင့် အပေါ်မှာ ဒီမိုကရေစီ ဘောင်ကျော်ပြီး လုပ်လိုက် တယ်လို့ အဲဒီလိုပဲ ကျွန်တော်မြင်မိတယ်” ဟု ဆိုသည်။

ဇန်နဝါရီလ ၁၅ ရက်က ရသေ့တောင်မြို့နယ်၊ မေယုရင်သွီး လူမှုကူညီရေးအသင်းမှ ဦးဆောင်ပြီး ပြုလုပ်သည့် စာပေဟောပြောပွဲ အခမ်းအနားတွင် ဒေါက်တာအေးမောင်က ဗမာများမှ ရခိုင်လူမျိုးများအား  ကျွန်များအဖြစ် သာ ထားရှိပြီး တန်းတူအခွင့်အရေးမပေးကြောင်း ၊ လက်နက်ကိုင်တော်လှန်ပြီး အချုပ်အခြာအာဏာရရှိရေး ဆောင်ရွက်သူများ ရှိနေကြောင်း ပြောဆိုခဲ့သည်ဟု ယမန်နေ့ည ဇန်နဝါရီ ၁၇ ရက်နေ့ တွင် နိုင်ငံတော် အတိုင်ပင်ခံရုံးမှ ထုတ်ပြန်ခဲ့သည်။

လက်ရှိတွင် ဒေါက်တာအေးမောင်က ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ရာထူးမှ နှုတ်ထွက်ထားပြီး ANP ပါတီမှ နှုတ်ထွက်ခြင်းအား ဆိုင်းငံ့ထားသည်။

“အခုကာလက သူ့ကို ဥက္ကဋ္ဌ အဖြစ်ကနေ ယာယီ ရပ်ဆိုင်းထားတဲ့ကာလ ဖြစ်တယ်။  အဲဒီတော့ နိုဝင်ဘာလ ၂၈ ရက်နေ့ကတည်းက  နှုတ်ထွက်လွှာ တင်ထားတာပေါ့။  အခုဆို ၁ လ ကျော်လောက် ရှိပြီပေါ့ / အဲဒီကာလမှာ အခုလို ဖြစ်လာတယ်” ဟု ရခိုင်အမျိုးသားပါတီ( ANP ) ၏ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။

အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဦးအေးမောင်ကို နိုင်ငံတော် သစ္စာဖောက်ဖျက်မှု ဥပဒေပုဒ်မ ၁၂၁ (ခ) ဖြင့်  ယနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့ နေ့လည် ၁၂ နာရီ မိနစ် ၃၀ အချိန်တွင် ၎င်း၏ နေအိမ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယခုအခါ စစ်တွေအကျည်းထောင်သို့ ပို့လိုက်ပြီဖြစ်သည်။

လက်ရှိတွင် ANP ပါတီအနေဖြင့် အဆိုပါ ဖမ်းဆီးမှုအပေါ် ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း  ယနေ့ ဇန်နဝါရီလ ၁၈ ရက် ညနေပိုင်းတွင် မဇ္ဈိမသို့ ပြောသည်။

“ ပါတီအနေနဲ့ကတော့ ဒီနေ့မှ ဖမ်းတယ် ဆီးတယ် အစိုးရက စွပ်စွဲတဲ့စွပ်စွဲချက်တွေ ကျွန်တော်တို့ ကြားသိနေရတယ်။ဘယ်အတိုင်းအတာအထိ သူ့ကို ဘယ်လိုဆောင်ရွက်မလဲ။ နောက်တစ်ခု က ဒေါက်တာအေးမောင်ရဲ့အာဘော်က ဘယ်လိုရှိ မလဲ ကျွန်တော်တို့က ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ သင့်တော်တဲ့ ဘယ်လိုသင့်တင့်အောင် ဆောင်ရွက် ရမလဲဆိုတာ သေသေချာချာဆုံးဖြတ်ပြီး ဆောင် ရွက်မယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ ပါတီက အမျိုးသားရေးကို အခြေခံတဲ့ပါတီတစ်ခု ဖြစ်နေတယ်။ သာမန်လူမှုရေးအဖွဲ့အစည်းလည်း မဟုတ် ဘူး။ အဲဒါကြောင့် လုပ်ကိုင်ဆောင်ရွက်တဲ့နေရာ မှာ ဆုံးဖြတ်ချက်ချတဲ့အခါမှာ နိုင်ငံရေးပါတီတစ်ခုရဲ့ ဂုဏ်သိက္ခာနဲ့အညီ စဉ်းစားဆုံးဖြတ်သွားမယ်။ အခုက စောင့်ကြည့်နေတဲ့ အပိုင်းပဲရှိသေးတယ်” ဟု ဆိုသည်။

အဆိုပါ ရသေ့တောင်ဖြစ်စဉ်နှင့်ပတ်သက်ပြီး အတူဟောပြောခဲ့သူ စာရေးဆရာ ဝေဟင်အောင် အား  နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် အမှုဖွင့်ထားပြီး ဇန်နဝါရီလ ၁၆ ရက် ညနေက ဖမ်းဆီးထိန်းသိမ်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly