သမ္မတ ဒေါ်နယ်ထရမ့်က သတင်းအတုအယောင်ဆု ပေးအပ်ချီးမြှင့်ခြင်း ပြုလုပ်

သမ္မတ ဒေါ်နယ်ထရမ့်က သတင်းအတုအယောင်ဆု ပေးအပ်ချီးမြှင့်ခြင်း ပြုလုပ်

ဝါရှင်တန်၊ ဇန်နဝါရီ ၁၈ ။        ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်း၏ ပါတီမှ အမတ်တစ်ဦး၏ ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုသည့်ကြားက ဇန်နဝါရီ ၁၇ ရက် နှောင်းပိုင်းတွင် “သတင်းအတုအယောင်ဆု” ပေးပွဲကို ပြုလုပ်ခဲ့သည်။

အရီဇိုးနား လွှတ်တော်အမတ် ဂျက်ဖ်ဖလိတ်ခ်က ယင်းနေ့အစောပိုင်း ဆီးနိတ်လွှတ်တော်တွင် ထရမ့်၏ အဆိုပါ သတင်းအတုအယောင်ဆု ပေးအပ်ချီးမြှင့်ခြင်းနှင့် ပတ်သက်ပြီး အာဏာရှင် စတာလင်၏ ဉာဉ်အတိုင်း လွတ်လပ်စွာပုံနှိပ်ခွင့်ကို ထိုးနှက်ခြင်းအဖြစ် စွပ်စွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

၎င်းမတိုင်မီ ရီပတ်ဘရီကန်ပါတီဝင်ဟောင်းဖြစ်သည့် ဂျွန်မတ်ကိန်းကလည်း ထရမ့်၏ သတင်းအတုအယောင်ဆုနှင့် ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ရေးသားတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သတင်းအတုအယောင်ဆု ရရှိသူများစာရင်းကို ရီပတ်ဘရီကန်ပါတီဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်ကို ဒေါ်နယ်ထရမ့်က လင့်ချိတ်ပြီး ၎င်း၏ အသည်းစွဲ လူမှုမီဒီယာ တွစ်တာကနေ ဖြန့်ဝေဖော်ပြခဲ့သည်။

ထရမ့်၏ အဆိုပါ သတင်းအတုအယောင်ဆု ရရှိသည့် ထိပ်တန်းဆုရှင် ဆယ်ဦး ကြေညာချက်တွင် ၎င်းက အခွင့်သင့်တိုင်း ဝေဖန်နေခဲ့သည့် မီဒီယာကြီးများဖြစ်သော CNN၊ The New York Times နှင့် The Washington Post မီဒီယာကြီးများ ပါဝင်သည်။

ထရမ့်၏ ယခုလုပ်ရပ်နှင့် ပတ်သက်ပြီး သမ္မတ၏ အန္တရာယ်ကြီးသော အမှန်တရားကို လျစ်လျူရှုမှုဖြစ်ပြီး မီဒီယာကြီးများကို ပြည်သူ့ရန်သူကဲ့သို့ ပုံဖော်ခြင်းပဲဖြစ်သည်ဟု ဖလိတ်ခ်က ရှုတ်ချပြောဆိုသည်။

ရွေးကောက်ပွဲကာလမှစကာ ထရမ့်နှင့် မီဒီယာသည် ရှားစောင်းစေးနှင့် မျက်ချေးကဲ့သို့ ဖြစ်နေခဲ့ခြင်းဖြစ်သည်။ သမ္မတ ထရမ့်က ခေတ်မီဒီယာများသည် အလွန်အကျင့်ပျက်ကာ ခြစားနေသည်ဟု ခေါ်ဝေါ်ပြောဆိုထားပြီး သတင်းပတ်အတန်ကြာတွင် ယခုကဲ့သို့ ဆုပေးအပ်ခြင်းကို လုပ်ဆောင်လာခဲ့ခြင်းလည်း ဖြစ်သည်။

အဆိုပါ သတင်းအတုအယောင်ဆု ရရှိသူများစာရင်းတွင် The New York Times မှ သတင်းဆောင်းပါးရှင်မဟုတ်ဘဲ အတွေးအမြင် ပင်တိုင်ဆောင်းပါးရှင် နိုဘယ်ဆုရ စီးပွားရေးပညာရှင် ပေါလ်ကရုမန်းလည်း ပါဝင်သည်။

ပေါလ်အား ၎င်းရေးသားခဲ့သော ‘ထရမ့်၏ သမိုင်းရက်များတွင် သောင်ပြိုကမ်းပြိုအောင်ပွဲက စီးပွားရေးလုံးလုံး နာလန်မထနိုင်မှု ဖြစ်မည်’ဆိုသော လက်ရာအတွက် သမ္မတက ချီးမြှောက်ပေးအပ်ခြင်းဖြစ်သည်ဟု အစိုးရအဖွဲ့က ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly