အောင်ရဲထွေးသေဆုံးမှုနှင့်ပတ်သက်ပြီး ဖမ်းဆီးထားသူ ၃ ဦး ချုပ်ရက်ရမန်နှစ်ပတ် ထပ်မံယူ

အောင်ရဲထွေးသေဆုံးမှုနှင့်ပတ်သက်ပြီး ဖမ်းဆီးထားသူ ၃ ဦး ချုပ်ရက်ရမန်နှစ်ပတ် ထပ်မံယူ

 

ရန်ကုန်၊ ဇန်နဝါရီလ ၁၈ ။               ။ လူမှုကွန်ယက်စာမျက်နာတွင် ဟာသဗီဒီယိုများဖြင့် လူသိများလာသူ အောင်ရဲထွေး(ခ) ရဲထွေးအောင် သေဆုံးမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးထားသူ ၃ ဦးအား သင်္ကန်းကျွန်း မြို့နယ်တရားရုံးတွင် ချုပ်ရက်ရမန် ၂ ပတ် ထပ်မံယူခဲ့သည်။

ယနေ့ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ဖမ်းဆီးထားသူ ၃ ဦးကို သင်္ကန်းကျွန်း မြို့နယ်တရားရုံးတွင် ဒုတိယအကြိမ် ရုံးထုတ်ခဲ့ပြီး ချုပ်ရက်ရမန်နှစ်ပတ် ထပ်မံယူခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက်နေ့ကလည်း အဆိုပါ အမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးထားသူများကို စစ်ဆေးရန် အတွက် ရဲတပ်ဖွဲ့က ချုပ်ရက်ရမန် ၂ ပတ်ယူခဲ့သည်။

အောင်ရဲထွေးသေဆုံးမှုနှင့် ပတ်သက်ပြီး ဖမ်းဆီးထားသူ ၃ ဦးကို လာမည့် ဖေဖော်ဝါရီလ ၁ ရက်နေ့၊ ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးတွင် တရားစွဲတင်သွားမည်ဖြစ်ကြောင်း သင်္ကန်းကျွန်း မြို့နယ်တရားသူကြီးက တရား ခွင်အတွင်း ပြောကြားခဲ့သည်။

သေဆုံးသူ အောင်ရဲထွေးအား ရိုက်နှက်ခဲ့သူများဖြစ်သည့် သန်းထွဋ်အောင်(ခ)သားကြီး၊ ကျော်ဇောဟန်(ခ) ကျော်ဇောနှင့် ပြည့်ဖြိုးအောင်(ခ) အောင်လေးဆိုသူတို့ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၄ ရက်နေ့တွင် ၎င်းတို့ မိဘများက သင်္ကန်းမြို့နယ်၊ သုဝဏ္ဏ နယ်မြေရဲစခန်းတွင် လာရောက်အပ်နှံခဲ့ခြင်းဖြစ်သည်။

ဖြစ်စဉ်မှာ သန်းထွဋ်အောင်(ခ)သားကြီး၏ ထွက်ဆိုချက်အရ ကမာရွတ်မြို့နယ်၊ လှည်းတန်းနေ ပြည့်ဖြိုးအောင် (ခ) အောင်လေး နှင့် သင်္ဃန်းကျွန်းမြို့နယ်နေကျော်ဇော်ဟန်(ခ) ကျော်ဇော်တို့ အတူ ပါဝင်ခဲ့ကြောင်း ၊ ၎င်းတို့ (၃)ဦးမှာ ဇန်နဝါရီလ ၁ ရက်နေ့နံနက် ၃ နာရီအချိန်ခန့်က The One Entertainment ဝင်းတွင် ပြုလုပ်သော The Space ပါတီပွဲသို့ ရောက်ရှိစဉ် VVIP စင်ပေါ်၌ ကခုန်နေသည့် အမျိုးသားမှာ ယခင်က ခိုက်ရန် ဖြစ်ခဲ့ဖူးသူ တစ်ဦးဖြစ်ကြောင်း သိရပြီး ဒေါသဖြစ်ကာ စင်ပေါ်သို့ တက်၍ ၎င်း တို့သုံးဦးမှ ဝိုင်းဝန်းထိုးကြိတ်ခြေထောက်ဖြင့် ကန်ကြောက်ခဲ့သဖြင့် အဆိုပါအမျိုးသားမှာ လဲကျသွားကြောင်း ထွက်ဆိုခဲ့သည်ဟု သိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၁ ရက်နေ့က The One Entertainment ဝင်း၌ ပြုလုပ်သည့် ပါတီပွဲတွင် ခိုက်ရန်ဖြစ် ပွားခဲ့ရာ သူငယ်ချင်းဖြစ်သူ မပွင့်ကေခိုင် (ခ) ပိုးပိုး၏ ပြောပြချက်အရ နံနက် ၄ နာရီအချိန်က ၎င်းနှင့်အတူ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏရှိ The One Entertainment ဝင်းသို့ရောက်ရှိစဉ် ယခင်က ရဲထွေးအောင်(ခ) အောင်ရဲထွေးနှင့် ခိုက်ရြန်ဖစ်ခဲ့ဖူးသော အမည်မသိအမျိုးသားနှင့် အပေါင်းအပါများက ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြ သဖြင့် ဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။

ရဲထွေးအောင် (ခ) အောင်ရဲထွေးသည် ဒဏ်ရာများရရှိသဖြင့် ရန်ကုန် ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက် ကုသခဲ့ရာမှ ဇန်နဝါရီလ ၂ ရက်၊ ၂ နာရီ၊ ၃၅ အချိန်တွင် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် သန်းထွဋ်အောင်(ခ)သားကြီးအပါအဝင် ၃ ဦးအား သုဝဏ္ဏနယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ- ၃ဝ၂/၁၁၄ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

ရဲထွေးအောင်(ခ)အောင်ရဲထွေးသည် အသက် ၂၄ နှစ်အရွယ်ရှိပြီး ဟာသဗီဒီယိုများဖြင့် ဖေ့ဘွတ်ခ်ပေါ်တွင် လူသိများလာရာမှ ရုပ်ရှင်ကားများပါ ရိုက်ကူးခဲ့သူ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly