လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခဲ့သည်ဆိုသော စွပ်စွဲချက်များအား ဟောင်ကောင်စတား အဲရစ်ဆန် ငြင်းဆန်

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခဲ့သည်ဆိုသော စွပ်စွဲချက်များအား ဟောင်ကောင်စတား အဲရစ်ဆန် ငြင်းဆန်

ဟောင်ကောင်၏ နာမည်ကြီးဝါရင့်မင်းသားကြီး အဲရစ်ဆန်က လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားခဲ့သည်ဆို သော စွပ်စွဲချက်များကို ငြင်းဆန်ပယ်ချခဲ့ပြီး ထိုသို့စွပ်စွဲသူများအား တရားဥပေဒအရ ရင်ဆိုင်ဖြေရှင်းသွားမည် ဟု ဗုဒ္ဓဟူးနေ့က ပြောဆိုခဲ့သည်။

ဟောင်ကောင်၊ တရုတ်ပြည်မကြီး၊ ထိုင်ဝမ်နှင့် တရုတ်စကားပြောဆိုသည့် အသိုင်းအဝိုင်းများတွင် လူသိများ သလို အာရှ၏ထင်ရှားသော သရုပ်ဆောင်ကြယ်ပွင့်တစ်ဦးဖြစ်သည့် အဲရစ်ဆန်သည် ဟောလိဝုဒ်ရုပ်ရှင် လောကတွင် လတ်တလောလှုပ်ခတ်နေသည့် လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်စော်ကားမှု စွပ်စွဲချက်များနည်းတူ ယခုလိုမျိုး စွပ်စွဲမှုများနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။

လွန်ခဲ့သော ၁၉၉၀ ခုနှစ်များက ဟောင်ကောင်မင်းသမီးတစ်ဦးကို စင်္ကာပူ၌ အဓမ္မပြုကျင့်ခဲ့သည်ဟု စွပ်စွဲပြော ဆိုမှုများ အွန်လိုင်းပေါ်၌ ပြန့်နှံ့လာသောကြောင့် အဲရစ်ဆန်က သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ငြင်းဆန်ခဲ့ခြင်း ဖြစ်သည်။

“မကြာသေးခင်က ကျနော့်အကြောင်းနဲ့ပက်သက်ပြီး အင်တာနက်ပေါ်မှာ မမှန်သတင်းတွေ ပြန့်နှံ့လာခဲ့ပါတယ်။ အဲ့ဒီ့သတင်းတွေထဲမှာ ကျနော့်ကို ဆိုးဆိုးရွားရွားပဲ စွပ်စွဲထားပါတယ်။ ဒီသတင်းတွေဟာ ကျနော့်ရဲ့ဂုဏ်သိက္ခာ ကို ထိခိုက်လာသလို၊ ကျနော့်ရဲ့မိသားစု၊ သားသမီးနဲ့ မိတ်ဆွေတွေကြားအထိ ရိုက်ခတ်လာတာကြောင့် လူသိရှင်ကြားတုံ့ပြန်ဖို့ လိုအပ်လာတယ်လို့ ကျနော်ယူဆပါတယ်” ဟု အဲရစ်ဆန်က ပြောခဲ့သည်။

ရုပ်ရှင်မင်းသား၊ ဟာသသရုပ်ဆောင်၊ ဒါရိုက်တာနှင့် ထုတ်လုပ်သူတစ်ဦးဖြစ်သည့် အဲရစ်ဆန်က ထိုစွပ်စွဲချက် များနှင့်ပက်သက်၍ စုံစမ်းစစ်ဆေးသွားမည်ဖြစ်ပြီး တရားဥပဒေအရ ရင်ဆိုင်သွားမည်ဟု ဆိုခဲ့သည်။

ဒါ့အပြင် တရုတ်ပြည်၏လူမှုမီဒီယာဖြစ်သော Weibo မှတဆင့် သူ့အားစွပ်စွဲပြောဆိုခဲ့သည့် အာရှ၏ ဖို့ဒ်မော်ဒယ်အေဂျင်စီမှ အကြီးအကဲဟောင်းဖြစ်သူ ဂရေ့စ်ဟန်ကို သူ့အနေဖြင့် တရားဥပဒေအရ ရင်ဆိုင် ဖြေရှင်းသွားမည်ဟုလည်း ပြောခဲ့သည်။

Ref: Reuters

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly