နှစ်နိုင်ငံအကြား ပူးပေါင်းကာကွယ်ရေးစာချုပ် ချုပ်ဆိုရန် ဂျပန်နှင့် သြစတြေးလျတို့ ကြိုးပမ်း

နှစ်နိုင်ငံအကြား ပူးပေါင်းကာကွယ်ရေးစာချုပ် ချုပ်ဆိုရန် ဂျပန်နှင့် သြစတြေးလျတို့ ကြိုးပမ်း

ဇန်နဝါရီ ၁၈ ။             ။ မြောက်ကိုရီးယားအရေးနှင့်အတူ ဒေသတွင်း တင်းမာမှုများ ပိုမို မြင့်တက်လာနေစဉ် ဂျပန်နှင့် သြစတြးလျအစိုးရများအနေဖြင့် နှစ်နိုင်ငံအကြား စစ်ရေးပိုင်း ပိုမိုပူးပေါင်းသွားနိုင်ရေးအတွက် တိုးမြင့်လုပ်ဆောင်လာနေပြီ ဖြစ်သည်။

ဇန်နဝါရီ ၁၈ ရက်က ဂျပန်၊ သြစတြေးလျနှစ်နိုင်ငံ ဝန်ကြီးချုပ်နှစ်ဦးတို့ တိုကျိုမြို့ပြင်ရှိ စစ်ဘက်လေ့ကျင့်ရေး တပ်စခန်းတစ်ခုသို့ ရောက်ရှိ လေ့လာခဲ့ကြသည်။

လက်ရှိကာလမှာ မြောက်ကိုရီးယားခြိမ်းခြောက်မှုနှင့် တိုးမြှင့်ရင်ဆိုင်လာနေရသည့်အတွက် ဂျပန်၊ သြစတြေးလျအစိုးရများအနေဖြင့် နှစ်နိုင်ငံအကြား စစ်ရေးပိုင်း ပိုမိုပူးပေါင်းသွားနိုင်ရေး ကြိုးပမ်းလာနေကြခြင်းလည်း ဖြစ်သည်။

ယခုအခါ နှစ်နိုင်ငံအကြား ပူးတွဲစစ်ဆင်ရေးနှင့် စစ်ရေးလေ့ကျင့်မှုဆိုင်ရာ လုံခြုံရေးသဘောတူစာချုပ်တစ်ရပ် ချုပ်ဆိုသွားနိုင်ရေးအတွက် ဆွေးနွေးမှုများလုပ်ဆောင်နေပြီး ယင်းကို အပြီးသတ်အောင်မြင်အောင် လုပ်ဆောင်နိုင်မယ်လို့လည်း သြစတြေးလျဝန်ကြီးချုပ် မယ်လ်ကွန် တန်းဘူးလ် နှင့် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးတို့ဘက်က မျှော်လင့်နေလျက်ရှိသည်။

အကယ်၍ အဆိုပါ ကာကွယ်ရေးစာချုပ်သာ ချုပ်ဆိုလိုက်နိုင်မည်ဆိုပါက သြစတြေးလျသည် အမေရိကန်ပြီးရင် ဂျပန်နိုင်ငံ၏ ဒုတိယမြောက် အရင်းနှီးဆုံးသော စစ်ရေးပါ့တနာလည်း ဖြစ်လာတော့မည်ဖြစ်သည်။

" ခု ဆွေးနွေးနေတဲ့ နှစ်နိုင်ငံ စစ်ရေး စာချုပ်ကိုသာ ချုပ်ဆိုနိုင်မယ်ဆိုရင် ဒါဟာ ဂျပန်-သြစတြေးလျ နှစ်နိုင်ငံ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုအပိုင်းမှာ အဓိက ဒေါက်တိုင်တစ်ခု ဖြစ်လာပါလိမ့်မယ်" ဟုလည်း ဂျပန် သံတမန်တစ်ဦးက ထုတ်ဖော်ပြောကြားသွားသည်။

တစ်ချိန်တည်းမှာပဲ မြောက်ကိုရီးယား ခြိမ်းခြောက်မှုအပြင် တရုတ်တို့၏ ဒေသတွင်း စစ်ရေးနှင့် စီးပွားရေးပိုင်း ပိုမို ချဲ့ထွင်စိုးမိုးလာနေမှုကြောင့်လည်း ယခုကဲ့သို့ ဂျပန်နှင့် သြစတြေးလျ အကြား စစ်ရေးပိုင်း ပိုမိုနီးကပ်စွာ ဆောင်ရွက်သွားဖို့ တွန်းအားပေးသကဲ့သို့ ဖြစ်နေလျက်ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags