ထွက်ပြေးသည်ဟု သတင်းထွက်ခဲ့သည့် ယာဉ်ကြောထိန်းချုပ်ရေးစင်တာကုမ္ပဏီက မီးပွိုင့်သစ် ရာနူန်းပြည့် တည်ဆောက်ပြီးစီး

ထွက်ပြေးသည်ဟု သတင်းထွက်ခဲ့သည့် ယာဉ်ကြောထိန်းချုပ်ရေးစင်တာကုမ္ပဏီက မီးပွိုင့်သစ် ရာနူန်းပြည့် တည်ဆောက်ပြီးစီး

ရန်ကုန်၊ ဇန်နဝါရီ ၁၈ ။            ။ ရန်ကုန်ယာဉ်ကြောထိန်းချုပ်ရေးစင်တာ(Traffic Control Center)ကို လုပ်ကိုင်ရန်တာဝန်ယူထားသည့်ကုမ္ပဏီများမှ Traffic Control Center တည်ဆောက်ပြီးစီးကြောင်း၊ မီးပွိုင့်အသစ် ၁၀၀ ရာခိုင်နူန်းပြီးစီးကြောင်းကို ဇန်နဝါရီ၁၆ရက် YBS တစ်နှစ်ပြည့်အထိမ်းအမှတ်ပွဲတွင် Traffic Control Center နှင့် ပတ်သက်၍ တာဝန်ယူဆောင်ရွက်နေသည့် ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့(YRTA)၏ ဒုတိယအတွင်းရေးမှူး ဦးသန်းဝင်းက ပြောပြသည်။

ရန်ကုန်ယာဉ်ကြောထိန်းချုပ်ရေးစင်တာ(Traffic Control Center)ကို လုပ်ကိုင်ရန် တာဝန်ယူထားသည့်ကုမ္ပဏီများမှာ Myanmar Shwe Ying International ကုမ္ပဏီလိမိတက်နှင့် China Railway 21st Bureau Group ကုမ္ပဏီလိမိတက်တို့ဖြစ်ပြီး ၎င်းတို့အနေဖြင့် ထွက်ပြေးသွားသည်မှာ မဟုတ်ကြောင်း ၊ ဆက်လက်လုပ်ကိုင်လျက်ရှိကြောင်း ၂၀၁၇ ဒီဇင်ဘာ ၁၉ရက်နေ့ ထုတ် နိုင်ငံပိုင်သတင်းစာ ၌ ကြော်ငြာထားသည်။

"ကျွန်တော်တို့ မဲဆန္ဒနယ်ဆိုတော့ ထိတွေ့မှုကျွန်တော်အများကြီးရှိပါတယ် ။ နောက်ဆုံးနိုဝင်ဘာလလယ်လောက်ကပေါ့နော် သူတို့မရှိတော့ဘူး၊ မရှိတော့ မြန်မာရွှေယင်းကုမ္ပဏီကို ဖုန်းဆက်တာ ဖုန်းမကိုင်တော့ဘူး၊ အဲဒါနဲ့အဆက်အသွယ်ပျက်သွားတာ"ဟု ဒဂုံမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျက ဒီဇင်ဘာ ၂၈ရက်နေ့က ပြောပြသည်။

ထိုကိစ္စနှင့်ပတ်သက်၍ လွှတ်တော်သို့မေးမြန်းခဲ့ရာ ပြီးခါနီးပြီဟုသာ အကြိမ်ကြိမ်ပြန်ဖြေလေ့ရှိပြီး နောက်ဆုံးအကြိမ်မေးမြန်းခဲ့ရာမှာတော့ မီးပွိုင့် ၁၅၄ခုတွင် ၈၀ကျော် ၉၀နီးပါးသာ ပြီးစီးနေသည်ဟု သိရှိခဲ့ရကြောင်း ဦးကျော်ဇေယျက ဆိုသည်။

ထို့ကြောင့် ရန်ကုန်တိုင်းလွှတ်တော် ဆဌမပုံမှန်အစည်းအဝေးစတင်မည့် ဇန်နဝါရီလကုန်ခန့်၌ ထပ်မံမေးမြန်းသွားမည်ဟု ဦးကျော်ဇေယျက ပြောသည်။

အဆိုပါ Myanmar Shwe Ying International ကုမ္ပဏီမှာ နည်းပညာကုမ္ပဏီမဟုတ်သလို Traffic Control(ယာဉ်ကြောထိန်းချုပ်ရေး) လုပ်ငန်းလုပ်ကိုင်နေသည့် ကုမ္ပဏီလည်းမဟုတ်ဘဲ Trading ကုမ္ပဏီတစ်ခုအနေဖြင့် တင်ဒါခေါ်ယူရာတွင် ယှဉ်ပြိုင်ခဲ့ပြီး နောက်ခံChina Railway 21st Bureau Groupကုမ္ပဏီလိမိတက်မှာလည်း မီးရထားလမ်းဖောက်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်ကြောင်း တင်ဒါခေါ်ယူရာတွင် ပါဝင်ယှဉ်ပြိုင်ခဲ့သည့် Van Guard ကုမ္ပဏီ၏ ဒါရိုက်တာ ဦးသိန်းအောင်က ပြောသည်။

လက်ရှိအချိန်တွင် ကင်မရာတပ်ဆင်မှု ၉၀ရာခိုင်နူန်းပြီးစီးကြောင်း၊ ဆက်သွယ်ရေးဖိုင်ဘာကြိုးတပ်ဆင်မှု ၈၀ရာခိုင်နူန်းပြီးစီးကြောင်း၊ လမ်းအမှတ်သားပြုပြင်ရေးဆွဲမှု ၆၀ရာခိုင်နူန်းပြီးစီးကြောင်း (YRTA)၏ ဒုတိယအတွင်းရေးမှူး ဦးသန်းဝင်းက ပြောပြသည်။

"တော်တော်များများပြီးပါပြီ၊ တချို့နေရာလေးတွေက ကင်မရာတပ်ဖို့နေရာအခက်အခဲ၊ အောက်ကFoundation(အခြေခံအုတ်မြစ်)ချဖို့အခက်အခဲ အဲဒါလေးတွေဖြေရှင်းလို့ပြီးရင် ဒါလည်းရပါပြီ၊ နောက်ဆက်သွယ်ရေးဆိုင်ရာ ဖိုင်ဘာကြိုးတွေ မီးပွိုင့်တွေကိုတော့ ဖိုင်ဘာကြိုးက အကုန်လုံးပြီးပါပြီ ။ ဒါပေမယ့်ဘာတွေကျန်နေတုန်းဆိုတော့ အစောကပြောတဲ့ အများပြည်သူကိုပေးမယ့် အချက်အလက်နေရာတွေ၊ ပြီးရင် တချို့ကင်မရာတပ်မယ့်နေရာတွေ၊ မီးပွိုင့်မှာမဟုတ်ပဲကင်မရာတပ်မယ့်နေရာတွေ အဲဒီနေရာတွေမှာကျွန်တော်တို့က ဖိုင်ဘာလိုကြိုးသွယ်ဖို့နည်းနည်းကျန်ပါတယ်" ဟု Traffic Control Center နှင့်ပတ်သက်၍ တာဝန်ယူဆောင်ရွက်နေသည့် YRTA ဒုတိယအတွင်းရေးမှူး ဦးသန်းဝင်းက ပြောသည်။

ယာဉ်ကြောထိန်းချုပ်ရေးစင်တာ(Trafic Control Center)မှ ရန်ကုန်မြို့ရှိ မီးပွိုင့်ပေါင်း(၁၅၄)ခုကို ထိမ်းချုပ်နိုင်ပြီး၊ ရန်ကုန်မြို့ထဲအဝင်၊အထွက်နေရာများကို ကင်မရာနှင့်စောင့်ကြည့်ထိန်းချုပ်နိုင်သည်။ ယာဉ်ရပ်နားခွင့်မရှိသည့်နေရာများတွင် ရပ်နားထားသည့်ယာဉ်များကိုလည်းထိမ်းချုပ်အရေးယူရန် လုပ်ဆောင်နိုင်ကြောင်း သိရသည်။

မီးပွိုင့်အသစ်များတပ်ဆင်ပြီး မီးပွိုင့်အဟောင်းများကို ပြန်လည်ဖြုတ်ယူခဲ့ရာတွင် နေရာ(၇၀)ဖြုတ်ယူနိုင်ခဲ့ပြီး ဖြုတ်ယူရန်မီးပွိုင့်ဟောင်း(၈၄)နေရာကျန်ရှိနေသေးသည်။

လက်ရှိတွင်မြန်မာရွှေယင်းကုမ္ပဏီကို တစ်ရက်လျှင် တစ်သိန်းနူန်း ဒဏ်ငွေသတ်မှတ်ထားသည်။

ယခင်သမ္မတဦးသိန်းစိန်လက်ထက်တွင် ယာဉ်ကြောထိန်းချုပ်ရေးစင်တာတည်ဆောက်ရန်အတွက်သမ္မတရုံးရန်ပုံငွေမှ တင်ဒါခေါ်ယူခဲ့ခြင်းဖြစ်ပြီးရန်ကုန်တိုင်းဒေသကြီးအစိုးရမှ Myanmar Shwe Ying Internationalကုမ္ပဏီလိမိတက်နှင့် China Railway 21st Bureau Groupကုမ္ပဏီလိမိတက်တို့ကို ၂၀၁၆ ဖေဖော်ဝါရီလမှစတင်ကာ စာချုပ်ချုပ်ဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags