အိုလံပစ်ဖွင့်ပွဲတွင် တောင်၊ မြောက် ကိုရီးယားနှစ်နိုင်ငံ အလံတစ်ခုတည်း သယ်ဆောင်လှည့်လည်မည်

အိုလံပစ်ဖွင့်ပွဲတွင် တောင်၊ မြောက် ကိုရီးယားနှစ်နိုင်ငံ အလံတစ်ခုတည်း သယ်ဆောင်လှည့်လည်မည်

 

ဆိုးလ်၊ ဇန်နဝါရီ ၁၈ ။             ။ သိမှတ်မှုအားဖြင့် စစ်ပွဲအတွင်းမှာပင် ရှိနေဆဲဖြစ်သော တောင်၊ မြောက် ကိုရီးယားနှစ်နိုင်ငံကြားက တင်းမာမှုများကို လျှော့ချနိုင်ရေး ဆွေးနွေးမှုများတွင် လာမည့် ဆောင်းရာသီအိုလံပစ်ပွဲတော် ဖွင့်ပွဲအခမ်းအနား၌ နှစ်နိုင်ငံအားကစားသမားများက အလံတစ်ခုတည်းကို ကိုင်ဆောင်ချီတက်ရန် သဘောတူညီမှု ရကြောင်း ဇန်နဝါရီ ၁၇ ရက်တွင် နှစ်ဖက်စလုံးက ထုတ်ပြန်သည်။

တောင်ကိုရီးယားနိုင်ငံ Pyeongchang မြို့တွင် ဖေဖော်ဝါရီ ၉ ရက်မှ ၂၅ ရက်အထိ ကျင်းပမည်ဖြစ်သော အိုလံပစ်ပွဲတော်၌ ပါဝင်ယှဉ်ပြိုင်မည့် ပူးတွဲအမျိုးသမီးရေခဲပြင်ဟော်ကီအသင်းတွင် မြောက်ကိုရီးယားအားကစားသမားနှစ်ဦးပါ ပါဝင်မည်ဖြစ်သည်။

အိုလံပစ်အားကစားပွဲတော်ကျင်းပရာ အဆိုပါမြို့မှာ ကိုရီးယား နှစ်နိုင်ငံကြား ငြိမ်းချမ်းရေးသဘောတူညီမှုမရှိဘဲ ရပ်ဆိုင်းထားသည့် စစ်ပွဲအပြီး ၁၉၅၃ ခုနှစ်မှစကာ နှစ်နိုင်ငံ ခွဲခြားထားသော စစ်မဲ့ဇုန်မှ မလှမ်းမကမ်းအကွာအဝေးတွင် ရှိသည်။

စစ်မဲ့ဇုန်၏ ပူးတွဲလုံခြုံရေးဧရိယာတွင် နှစ်ဖက်ကိုယ်စားလှယ်များက နှစ်နှစ်ကျော်အတွင်း ပထမဆုံး အဆင့်မြင့်အရာရှိများ ဆွေးနွေးပွဲများကို ကျင်းပခဲ့ခြင်းဖြစ်ကာ ယခုကဲ့သို့ အိုလံပစ်ပွဲတော်တွင် မြောက်ကိုရီးယား ဝင်ရောက်ယှဉ်ပြိုင်ရေးနှင့် အလံတော် တစ်ခုတည်း သယ်ဆောင်ချီတက်ရေးတို့ကို သဘောတူညီမှု ရခြင်းဖြစ်သည်။

၂၀၀၀ ခုနှစ်က ဆစ်ဒနီအိုလံပစ်နှင့် ၂၀၀၄ ခုနှစ်က အေသင်အိုလံပစ် ဖွင့်ပွဲများတွင် အဖြူခံတွင် အပြာရောင်ခြယ် ကိုရီးယားကျွန်းမြေပုံ ရေးဆွဲထားသော  ပြန်လည်ပေါင်းစည်းရေး အလံတော်အောက်   နှစ်နိုင်ငံ အားကစားသမားများ စီတန်းချီတက်ခဲ့ထားဖူးသည်။

မြောက်ကိုရီးယားအားကစားသမားနှစ်ဦးပါ ပါဝင်မည့် ပူးတွဲအမျိုးသမီး ဟော်ကီအသင်း ဖွဲ့စည်းရန် ဆုံးဖြတ်သဘောတူမှု ရသော်လည်း အဆိုပါအသင်းက ဆုချိတ်နိုင်အောင် စွမ်းဆောင်ရည်နှင့် ပတ်သက်ပြီး တောင်ကိုရီးယားနိုင်ငံအတွင်း အားကစားချစ်သူများကြား စိုးရိမ်မှုများရှိကာ ယင်းဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး အငြင်းပွားမှုများ ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags