ရွှေ့ပြောင်းနေထိုင်သူများ၏ ရေနှင့်အစားအစာများကို ဖျက်ဆီးခဲ့သည့် အမေရိကန် နယ်ခြားစောင့်ကင်းတပ်ဖွဲ့

ရွှေ့ပြောင်းနေထိုင်သူများ၏ ရေနှင့်အစားအစာများကို ဖျက်ဆီးခဲ့သည့် အမေရိကန် နယ်ခြားစောင့်ကင်းတပ်ဖွဲ့

 

အရီဇိုးနား၊ ဇန်နဝါရီ ၁၈ ။              ။ အမေရိကန်နယ်ခြားစောင့် ကင်းလှည့်တပ်ဖွဲ့သည် အရီဇိုးနားကန္တာရအတွင်း၌ ၎င်းတို့၏လူသားချင်းစာနာမှု ဆိုင်ရာ ကြိုးပမ်းမှုများကို အမြဲတစေနှောင့်ယှက် ယုံသာမက နိုင်ငံအတွင်းသို့ ဖြတ်သန်းဝင်ရောက် ကြိုးပမ်း နေသည့် စာရွက်စာတမ်းများမရှိသော ရွှေ့ပြောင်းနေထိုင်သူများအတွက် အကူအညီပေးထားသော ရေနှင့် အစားအစာများကိုပါ ဖျက်ဆီးခဲ့သည်ဟု No More Deaths အဖွဲ့အစည်းက ဗုဒ္ဓဟူးနေ့တွင် ဝေဖန်ရှုံ့ချခဲ့သည်။

“အမေရိကန်-မက္ကစီကိုနယ်ခြားမှ လူသားချင်းစာနာမှုဆိုင်ရာအကူအညီအား နှောင့်ယှက်မှု”ဟု ခေါင်းစဉ်ပေး ထားသော အစီရင်ခံစာတစ်ခုကို ယင်းအဖွဲ့က ဗုဒ္ဓဟူးနေ့တွင်ဖြန့်ချီခဲ့ပြီး ဗီဒီယိုသက်သေများ၊ တစ်ဦးချင်းစီ၏ အတွေ့အကြုံများ၊ အချက်အလက်များကို စိစစ်ချက်များမှတဆင့် ၎င်းတို့အဖွဲ့အနေဖြင့် အမှန်တရားတစ်ခုကို ဖော်ထုတ်နိုင်ခဲ့သည်ဟု ပြောဆိုခဲ့သည်။

နယ်စပ်ဒေသတွင် ထောက်ပံ့ပေးထားသည့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို အမေရိကန်နယ်ခြား စောင့်ကင်းလှည့်တပ်ဖွဲ့က အဖွဲ့ဝင်များက အမြဲတမ်းလိုလို ဖျက်လိုဖျက်ဆီးလုပ်နေကြကြောင်း သိရသည်။

ဒါ့အပြင် နယ်ခြားစောင့်ကင်းလှည့် တပ်ဖွဲ့ဝင်များသည် No More Deaths အဖွဲ့မှ စေတနာ့ဝန်ထမ်းများမှ ကန္တာရတစ်လျှောက်၌ ရွှေ့ပြောင်းနေထိုင်သူများအတွက် ချပေးထားသည့် ရေဘူးများနှင့် အစားအစာများကို ဖျက်ဆီးခဲ့သည်ဟု ယင်းအဖွဲ့၏ အစီရင်ခံစာထဲ၌ ဖော်ပြထားသည်။

“အကူအညီတွေကို နှောင့်ယှက်ခြင်းနဲ့ ဖျက်လိုဖျက်စီးလုပ်ခြင်းတို့ဟာ နယ်ခြားစောင့်ကင်းလှည့်တပ်ဖွဲ့ဝင်တွေရဲ့ ကိုယ်ကျင့်တရားနဲ့ သွေဖီနေပါတယ်” ဟုလည်း ယင်းအဖွဲ့၏ အစီရင်ခံစာထဲ၌ ဖော်ပြထားသည်။

လွန်ခဲ့သော ၂၀၁၂ ခုနှစ်မတ်လနှင့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတို့ကြားတွင် No More Deaths အဖွဲ့သည် ရေ ၃၁၅၅၈ ဂါလံခန့်ကို နယ်စပ်ဒေသတစ်လျှောက်၌ ဖြန့်ဝေခဲ့ပြီး ယင်းထဲမှ ၈၆ ရာခိုင်နှုန်းခန့်ကို ရွှေ့ပြောင်းနေထိုင် သူများ အသုံးပြုနိုင်ခဲ့သော်လည်း ရေဂါလံပေါင်း ၃၅၆၃ ဂါလံထက်မနည်း ပျက်စီးသွားခဲ့ကြောင်း သိရသည်။

ထိုသို့ပျက်စီးရခြင်းမှာ မုဆိုးများ၊ တောင်တက်သမားများနှင့် နယ်စပ်မှလက်နက်ကိုင်အဖွဲ့ဝင်များကြောင့် ဖြစ်နိုင်ချေရှိသော်လည်း အဓိကလက်သည်မှာ နယ်ခြားစောင့်ကင်းလှည့်တပ်ဖွဲ့များ၏ လက်ချက်ကြောင့် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly