ဒေါက်တာအေးမောင်ကို နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုဖြင့် တရားစွဲမည်

ဒေါက်တာအေးမောင်ကို နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှုဖြင့် တရားစွဲမည်

 

ရန်ကုန် ၊ ဇန်နဝါရီ ၁၈ ။           ။ ရသေ့တောင်မြို့နယ်တွင် ဟောပြောခဲ့သည့် ဟောပြောပွဲနှင့်ပတ်သက်ပြီး ဒေါက်တာအေးမောင်ကို နိုင်ငံတော်သစ္စာ ဖောက်ဖျက်ပုန်ကန်မှုဖြင့် တရားစွဲဆိုရန် သမ္မတရုံးမှ ညွှန်ကြားစာ ရရှိထားပြီးဖြစ်သည်ဟု ရခိုင်ပြည်နယ်အစိုးရ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ယနေ့နံနက်ပိုင်းတွင် မဇ္ဈိမသို့ အတည်ပြုပြောဆိုသည်။

"ခွင့်ပြုချက်ရပါပြီ။ သမ္မတကနေ ဒေါက်တာအေးမောင်ကိုအရေးယူဖို့ ကိစ္စနဲ့ပတ်သက်ပြီး စာထွက်ထားတာရှိပါတယ်။ ပုဒ်မ ၁၂၂ နဲ့ အရေးယူဖို့အတွက် စာ မနေ့က သမ္မတရုံးက ညွှန်ကြားလာပါတယ်" ဟု ဦးတင်မောင်ဆွေက ဆိုသည်။

လက်ရှိ သတင်းရေးသားချိန် နံနက် ၁၀ နာရီခွဲအချိန်အထိ ဒေါက်တာအေးမောင်ကို မဖမ်းဆီးရသေးဘဲ ဆက်လက် ဆောင်ရွက်နေသည့် အခြေအနေသာ ရှိနေသေးသည်ဟု ဦးတင်မောင်ဆွေက ဆိုသည်။

မူလက ဒေါက်တာအေးမောင်ကို နိုင်ငံတော်ကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ ဖြင့်တရားစွဲရန် စီစဉ်ထားသော်လည်း သမ္မတရုံးမှ ညွှန်ကြားချက်အရ နိုင်ငံတော် သစ္စာဖောက်ဖျက်ပုန်ကန်မှု ပုဒ်မ ၁၂၂ ဖြင့် တရားစွဲဆိုသွားမည်လည်း ဖြစ်သည်။

ဇန်နဝါရီလ ၁၅ ရက်က ရသေ့တောင်မြို့နယ်၊ မေယုရင်သွီး လူမှုကူညီရေးအသင်းမှ ဦးဆောင်ပြီး ပြုလုပ်သည့် စာပေဟောပြောပွဲ အခမ်းအနားတွင် ဒေါက်တာအေးမောင်က ဗမာများမှ ရခိုင်လူမျိုးများအား  ကျွန်များအဖြစ်သာ ထားရှိပြီး တန်းတူအခွင့်အရေးမပေးကြောင်း ၊ လက်နက်ကိုင်တော်လှန်ပြီး အချုပ်အခြာအာဏာရရှိရေး ဆောင်ရွက်သူများ ရှိနေကြောင်း ပြောဆိုခဲ့သည်ဟု ယမန်နေ့ည ဇန်နဝါရီ ၁၇ ရက်နေ့ တွင် နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ထုတ်ပြန်ခဲ့သည်။

ယင်းပြောဆိုနှင့်ပတ်သက်ပြီး မဇ္ဈိမမှဒေါက်တာအေးမောင်အား ဆက်သွယ်မေးမြန်းသော်လည်း မရရှိခဲ့ပေ။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်အစည်းအဝေးတက်နေသည့် ကိုယ်စားလှယ်တစ်ဦးအား ဖမ်းဆီးရန် လိုအပ်လျှင် ခိုင်လုံသော သက်သေအထောက်အထားအား   ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ထံ တင်ပြရမည်ဖြစ်ပြီး ဥက္ကဋ္ဌ ၏ ခွင့်ပြုချက်မရှိဘဲ ဖမ်းဆီးခြင်းမပြုရဟု အခြေခံဥပဒေပုဒ်မ ၁၃၄ တွင် ဖော်ပြထားသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်အား ဖမ်းဆီးရန် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၏ ခွင့်ပြုချက် ရရှိထားပြီးဖြစ်သည်ဟု ကြားသိရပြီး ပြည်ထဲရေးမှ ချက်ချင်းအရေးယူမည်ဟု ယနေ့ မနက်ပိုင်းက ပြောသည်။ 

"တည်ဆဲ ဥပဒေနဲ့အရေးယူပါလိမ့်မယ်။ လွှတ်တော်က ခွင့်ပြုချက်ရထားပါပြီ။ တည်ဆဲဥပဒေနဲ့မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က အရေးယူပါလိမ့်မယ်။ ချက်ချင်းအရေးယူသွားမှာပါ" ဟု ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့် က ယနေ့  ဇန်နဝါရီလ ၁၈ ရက်တွင် ပြောသည်။

အဆိုပါ ရသေ့တောင်ဖြစ်စဉ်နှင့်ပတ်သက်ပြီး အတူဟောပြောခဲ့သူ စာရေးဆရာ ဝေဟင်အောင် အား  နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် အမှုဖွင့်ထားပြီး ဇန်နဝါရီလ ၁၆ ရက် ညနေက ဖမ်းဆီးထိန်းသိမ်းထားသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly