မြောက်ဦးဖြစ်စဉ်တွင် ဖြစ်ရပ်မှန်ကိုစစ်ဆေးပြီး ဥပဒေချိုးဖောက်သူများအား အရေးယူမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

မြောက်ဦးဖြစ်စဉ်တွင် ဖြစ်ရပ်မှန်ကိုစစ်ဆေးပြီး ဥပဒေချိုးဖောက်သူများအား အရေးယူမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ပြော
ဓာတ်ပုံ-အတိုင်ပင်ခံရုံး

ဇန်နဝါရီ ၁၈ ။                   ။ ရခိုင်ပြည်နယ် ၊ မြောက်ဦးမြို့ ဖြစ်စဉ်နှင့်ပတ်သက်ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖြစ်ရပ်အမှန်ကို အမြန်ဆုံး စစ်ဆေးဖော်ထုတ်ပြီး ဥပဒေချိုးဖောက်သူများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ရခိုင်ပြည်နယ်ဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတစ်ရပ်ကို ယနေ့ ပြုလုပ်ခဲ့ပြီး ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

ယမန်နေ့ညနေပိုင်းက ဖြစ်ပွားသော ဖြစ်စဉ်တွင် “ရခိုင်ပြည်နယ်လွတ်မြောက်ရေး ဒို့အရေး” ဟု ကြွေးကြော်သံများအပါအဝင် အဆိုပါ အော်ဟစ်ဆန္ဒပြခဲ့ကြသည့် လူစုလူဝေးထဲမှ အချို့သည် ခရိုင်ရုံး နိုင်ငံတော်အလံတိုင်တွင် အသင့်ပါလာသည့် ရခိုင်ပြည်နယ်အလံကို လွှင့်ထူခဲ့ကြကြောင်း အစိုးရ၏ ထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။ 

အဆိုပါ ရသေ့တောင်ဖြစ်စဉ်နှင့်စပ်လျဉ်း၍ စာရေးဆရာ ဝေဟင်အောင် အား  နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့် အမှုဖွင့်ထားပြီး ဒေါက်တာအေးမောင်အား ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း  သိရသည်။

မြောက်ဦးဖြစ်စဉ်တွင် လူ ၇ ဦးသေဆုံးပြီး လူ ၁၂ ဦးဒဏ်ရာ ရရှိခဲ့သည်။ 

ထို့ပြင် ရဲတပ်ဖွဲ့ဝင်များ၏ ဆောင်ရွက်ချက်များသည် လုပ်ထုံးလုပ်နည်း နှင့် ညီညွတ်မှု ရှိ/မရှိ စုံစမ်းစစ်ဆေးရေးခုံရုံး ဖွဲ့စည်းစစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။ 

ဖြစ်စဉ်မှာ ရသေ့တောင်မြို့၊ မေယုရင် သွီး လူမှုကူညီရေးအသင်းမှ ဦးဆောင်၍  စာပေဟောပြောပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အမ်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာအေးမောင် နှင့် စာရေးဆရာ ဝေဟင်အောင် တို့ ပါဝင် ဟောပြောခဲ့ကြရာတွင်  ဗမာ့ကျွန် ၊ AA အဖွဲ့ ဦးဆောင်သော လက်နက်ကိုင်တော်လှန်ရေးဟူသော အသုံးအနှုန်းများ ထည့်သွင်းပြောဆိုခဲ့ကြသည်။ 

စာရေးဆရာ ဝေဟင်အောင် (ခ) အောင်ကျော်ဝင်း က “ရခိုင်ပြည်နယ် အချုပ်အခြာ အာဏာ ကျဆုံးသွားသည်မှာ နှစ်ပေါင်း ၂၃၃ နှစ် ရှိခဲ့ပြီး လူမျိုးဆက် (၅) ဆက် ခန့် ကင်းကွာခဲ့ကြောင်း၊ နိုင်ငံရေးတွင် လက်ဝါးဖြန့်တောင်း၍ မရသောကြောင့် လက်ညှိုးကွေးပြီး တောင်းသည့် အဖွဲ့ ပေါ်ပေါက်လာရခြင်း ဖြစ်ကြောင်း၊ ယခုအချိန်တွင် ထွန်းမြတ်နိုင် ဦးဆောင်သော AA တပ်မတော်သည်လည်း ရခိုင်နိုင်ငံတော် နှင့် အချုပ်အခြာ ပြန်လည် ရရှိရေး၊ ဗမာ့ ကျွန်အဖြစ်မှ လွတ်မြောက်ရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်လျက် ရှိကြောင်း၊ ရသေ့တောင်မြို့နယ်သူ၊ မြို့နယ်သားများအနေဖြင့်လည်း ဗမာ့ ကျွန်အဖြစ်မှ လွတ်မြောက်ရန် အားလုံးတွင် တာဝန်ရှိကြောင်း၊ ယခုအချိန်သည် နိုင်ငံရေးအကျပ်အတည်း ဖြစ်နေသည့် အချိန်ကာလ ဖြစ်နေ၍ မိမိတို့အတွက် အခွင့်အရေး သာနေသော အချိန်ဖြစ်ကြောင်း၊ ဗမာ့ကျွန်ဘဝမှ လွတ်မြောက်နိုင်ရေးနှင့် လွတ်လပ်ရေး ရရှိရေးအတွက် တော်လှန်တိုက်ခိုက်ရန် အချိန်ကောင်းဖြစ်ကြောင်း၊ အားလုံးပါဝင်ကြရန် လိုအပ်ကြောင်း” စသည်ဖြင့် အကျယ်တဝင့် ဟောပြောခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ထုတ်ပြန်သည်။ 

ထို့နောက် ဒေါက်တာအေးမောင်ကလည်း “ဗမာများအနေဖြင့် ရခိုင်လူမျိုးများကို ဗမာ့ကျွန် အဖြစ်လောက်သာ ထားရှိပြီး တန်းတူ အခွင့်အရေး မပေးကြောင်း၊ အချုပ်အခြာအာဏာရရှိရေးအတွက် နည်းလမ်း ၂ ခု သာ ရှိကြောင်း၊ လက်နက်ကိုင် တော်လှန်ရေးနည်း နှင့် ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များ ရှိကြောင်း၊ မိမိမှာ နောက် တစ်နည်းဖြစ်သော လူထုဗဟိုပြု နိုင်ငံရေး နည်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိ နိုင်ငံရေး အားနည်းချက်ကို အခွင့်ကောင်းယူ၍ ပန်းတိုင်ရောက်အောင် ဆောင်ရွက်သွားကြရန် တိုက်တွန်း လိုကြောင်း၊ ” ပြောကြားခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးမှ ထုတ်ပြန်သည်။ 

လက်ရှိတွင် ရက္ခိုင့်အဖွဲ့ (AA) သည် NCA အပစ်ရပ်လက်မှတ်ရေးထိုးမထားဘဲ တပ်မတော်နှင့် တိုက်ပွဲများ ဖြစ်ပွားနေသည်။ 

မြောက်ဦးမြို့နယ် နန်းတော်ရာကုန်း၌ ပြုလုပ်မည့် ဟောပြောပွဲတွင် ဆင်အိုးကြီးကျောင်းတိုက် ဆရာတော် နှင့် ဒေါက်တာအေးမောင်တို့ ဟောပြောမည့် ကိစ္စနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရ၊ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မြောက်ဦးဌာနခွဲ) တို့မှ ခွင့်မပြုခဲ့ဘဲ  ကြိုတင်အကြောင်းထားခဲ့သည်ဟု သိရသည်။ 

ဇန်နဝါရီ ၁၆ ရက် ဟောပြောပွဲပြုလုပ်မည့် အချိန် ညနေ ၆ နာရီခွဲခန့်တွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ဟောပြောခြင်းအား ခွင့်မပြုကြောင်း တားမြစ်ခဲ့ပြီး မီးဖြတ်တောက်ခဲ့ရာ ဟောပြောပွဲလာသူ ၄၀၀ ခန့်က စတင်စုဝေးအော်ဟစ်ခဲ့ကြသည်ဟု ဆိုသည်။ 

ထို့နောက် ည ၈ နာရီခွဲခန့်တွင် နန်းတော်ရာကုန်း၌ လူအင်အား ၅၀၀၀ ခန့် စုဝေး ရောက်ရှိလာခဲ့ကြပြီး ရန်ကုန်-စစ်တွေ ကားလမ်းအတိုင်း “ရခိုင်ပြည်နယ်လွတ်မြောက်ရေး ဒို့အရေး” ဟု အော်ဟစ်ကြွေးကြော်၍ ခရိုင်ရုံး တည်ရှိရာသို့ လမ်းလျှောက် ဆူပူဆန္ဒပြမှုများ ပြုလုပ်ခဲ့ရာ ည ၉ နာရီကျော်တွင် အင်အား ၁၀၀၀၀ ခန့် ဖြစ်လာခဲ့ကြောင်း အစိုးရမှ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ထိုသို့ လူစုလူဝေး ဖြစ်လာခဲ့ခြင်းကြောင့် ခရိုင်အုပ်ချုပ်ရေးမှူး၊ ခရိုင်ရဲတပ်ဖွဲ့မှူး နှင့် ခရိုင်ဥပဒေ အရာရှိတို့သည် လူစုခွဲရန် သတိပေးနေစဉ် ရဲတပ်ဖွဲ့ဝင် ၂ ဦးထံမှ သေနတ်အား လူယူရန် ကြိုးစားခြင်း၊ လေးခွ၊ အုတ်ခဲကျိုး၊ ကျောက်ခဲများဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ပစ်ပေါက်ဆဲဆို ရန်ပြုလာပြီးနောက် ခရိုင်အုပ်ချုပ်ရေးမှူးရုံးခြံဝန်းတံခါးအား ရိုက်ချိုးဖျက်ဆီးပြီး ခရိုင်ရုံး ဝန်းအတွင်းသို့ လူစုလူဝေးများ ဝင်ရောက်လာခဲ့သည်။

ထို့နောက် ရခိုင်ပြည်နယ်အလံကို လွှင့်ထူခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးရုံးအတွင်းရှိပစ္စည်းများအား ဖျက်ဆီးခဲ့သည်ဟု ဖော်ပြထားသည်။ 

တုတ်၊ ဒိုင်းဖြင့် လူစုခွဲမရတော့ သဖြင့် ခရိုင် စီမံခန့်ခွဲရေးအဖွဲ့၏ သဘောတူညီချက်ဖြင့် ဘီအေ-၆၃ မောင်းပြန်ရိုင်ဖယ်ဖြင့် အချက် ၂၀ ခန့်၊ ၁၂ ဗို့ ပြောင်းချော သေနတ်ဖြင့် အချက် ၄၀ ခန့် အပေါ်သို့ ထောင်၍ သတိပေးပစ်ခတ်ခဲ့ရကြောင်း။

ထိုသို့ ဥပဒေနှင့်အညီ တားဆီးခဲ့သော်လည်း အကြမ်းဖက်လာသည့် လူစုလူဝေးထဲမှ အချို့သည် လုံခြုံရေးတပ်ဖွဲ့ဝင်များ ကိုင်ဆောင်ထားသည့် လက်နက်များအား လုယူရန် ကြိုးစားလာသဖြင့် တာဝန်ရှိသူများမှ ကျည်စစ်၊ ကျည်မှန်များဖြင့် ပစ်ခတ်ရမည်ဖြစ်ကြောင်း အကြိမ်ကြိမ် သတိပေးခဲ့ကြောင်း။ လူစုလူဝေးသည် ပိုမို ဆိုးရွားစွာလုပ်ဆောင်လာသည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လူစုလူဝေး အတွင်းသို့ တီ-၅၆ နှင့် ဘီအေ-၉၄ သေနတ်တို့ဖြင့် ၁၀ ချက်ခန့် ပစ်ခတ်ရှင်းလင်းခဲ့သည်ဟု ပါရှိသည်။ 

ထိုသို့ လူစုလူဝေးအား ရှင်းလင်းခဲ့မှုကြောင့် မြောက်ဦးမြို့ ဗန္ဓုလရပ်ကွက်နေ ညီပု (၃၃ နှစ်) ပါ အမျိုးသား ၇ ဦး သေဆုံးခဲ့ကြောင်း နှင့် ဆင်ချဆိပ်ရွာနေ မောင်အောင်နိုင် (၁၉ နှစ်) ပါ အမျိုးသား ၁၂ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။ 

ဇန်နဝါရီ ၁၇ ရက် နံနက် ၁ နာရီခွဲခန့်တွင် ဘုရားပေါ်ကျေးရွာနေ အောင်ဌေး (၁၉ နှစ်) ပါ အမျိုးသား ၅ ဦးတို့ကို စစ်တွေဆေးရုံသို့ လွှဲပြောင်းကုသရန် ပို့ဆောင်ခဲ့ရကြောင်း၊ လူစုလူဝေးက ကျောက်ခဲများ၊ လေးခွများဖြင့် အကြမ်းဖက်ပစ်ခတ်မှုကြောင့် ခရိုင်ရဲတပ်ဖွဲ့မှူး အပါအဝင် လုံခြုံရေး တပ်ဖွဲ့ဝင် ၂၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ယခုအချိန်ထိ မြောက်ဦးဆေးရုံ၌ ထိခိုက် ဒဏ်ရာရရှိသူ ၄ ဦး  နှင့် စစ်တွေဆေးရုံ၌ ထိခိုက်ဒဏ်ရာရရှိသူ ၈ ဦး ဆေးဝါးကုသလျက်ရှိကြောင်း သိရသည်။ 

မြောက်ဦးမြို့ ဖြစ်စဉ်တွင် လူစုလူဝေးအား ရဲတပ်ဖွဲ့က တားဆီးလူစုခွဲရာတွင် ခရိုင်အုပ်ချုပ်ရေးမှူး ရုံး အဝင်တံခါး ဖျက်ချိုး ဝင်ရောက်လာပြီးနောက် ခရိုင်အုပ်ချုပ်ရေးမှူးရုံးဝန်းအတွင်း၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ခရိုင်ရုံးဝန်းအတွင်း လူစုလူဝေးမှာ အရေအတွက် ၄၀၀၀ ခန့်အထိ များပြားလာပြီး ထိန်းသိမ်းရသည့် ရဲတပ်ဖွဲ့ဝင် အင်အားမှာ ၃၀ ဦးခန့်သာ ရှိခဲ့ကြောင်း အစိုးရဖက်မှ ထုတ်ပြန်သည်။ 

ဦးဆောင်လှုံ့ဆော်သူများနှင့် ပါဝင်ပတ်သက်သူများကို ဆက်လက် ဖော်ထုတ်ပြီး ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အရပ်သား သေဆုံးမှုများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာရဲစခန်းတွင် သေမှုသေခင်း ဖွင့်ထားပြီး ဖြစ်ကြောင်းထုတ်ပြန်ချက်တွင် ပါရှိသည်။ 

ယနေ့ ပြုလုပ်သော ရခိုင်ပြည်နယ်ဆိုင်ရာ အစည်းအဝေးသို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ပြန်ကြားရေးဝန်ကြီးဌာန   ပြည်ထောင်စုဝန်ကြီး   ဒေါက်တာဖေမြင့်၊  ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး   ဒေါက်တာဝင်းမြတ်အေး၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု၊ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်အောင်ဝင်းဦးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly