အစ္စရေးနှင့် အိန္ဒိယ ဝန်ကြီးချုပ်တို့ နှစ်ဦးအတူ စွန်လွှတ်

အစ္စရေးနှင့် အိန္ဒိယ ဝန်ကြီးချုပ်တို့ နှစ်ဦးအတူ စွန်လွှတ်

 

နယူးဒေလီ၊ ဇန်နဝါရီ ၁၇ ။            ။ အိန္ဒိယနိုင်ငံသို့ ခရီးစဉ်ရောက်ရှိနေသည့် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့်  အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာမိုဒီတို့သည် ဇန်နဝါရီ ၁၇ ရက်က ဂူတာရတ်ပြည်နယ် အမာဒါဘတ်မြို့တော်တွင် နှစ်ဦးအတူ စွန်လွှတ်ခဲ့ကြကြောင်း အေအက်ဖ်ပီသတင်းက ဖော်ပြသည်။

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုအနေဖြင့် အိန္ဒိယနိုင်ငံသို့ ခြောက်ရက်တာ ခရီးစဉ်အဖြစ် ဇန်နဝါရီ ၁၄ ရက်က စတင်ရောက်ရှိခြင်း ဖြစ်သည်။

နေတန်ယာဟုသည် ဇနီးဖြစ်သူ ဆာရာနှင့်အတူ ချစ်မေတ္တာကိုယ်စားပြု ဂူဗိမာန်ဖြစ်သော ကမ္ဘာကျော် တာ့ဂျ်မဟာဂူဗိမာန်တို့လည်း သွားရောက်လည်ပတ်ခဲ့သည်။

နယူးဒေလီတွင် ဇန်နဝါရီ ၁၅ ရက်က မိုဒီနှင့် နေတန်ယာဟုတို့ ဝန်ကြီးချုပ်နှစ်ဦး တွေ့ဆုံမှုတွင် နှစ်နိုင်ငံ ဆက်ဆံရေး ခေတ်သစ်တစ်ရပ်ကို ထူထောင်ပြီဖြစ်ကြောင်း ကြေညာထားခဲ့သည်။

နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦး၏ အဆိုပါ တွေ့ဆုံမှုတွင် ကာကွယ်ရေး၊ စိုက်ပျိုးရေးနှင့် လေကြောင်းဆိုင်ရာ နယ်ပယ်တို့တွင် သဘောတူညီမှုများ ရရှိခဲ့ကြောင်း သိရသည်။

အစ္စရေးက စစ်ဖက်ဆိုင်ရာ ကုမ္ပဏီများ အိန္ဒိယတွင် ရင်းနှီးမြုပ်နှံမှုကို လိုလားကြောင်း မိုဒီက ပြောခဲ့ပြီး နေတန်ယာဟုကလည်း နှစ်နိုင်ငံအနေဖြင့် နှစ်ဖက်နိုင်ငံသူနိုင်ငံသားများ၏ လူမှုဘဝ နေထိုင်မှုများ တိုးတက်မြင့်မားရေးအတွက် အတူတကွ ဖော်ဆောင်သွားမည့် ကြီးစွာသော လမ်းကြောင်းပေါ် ရောက်ရှိနေသည်ဟု ပြောသည်။

နေတန်ယာဟုအနေဖြင့် အိန္ဒိယနိုင်ငံသို့ အဖွဲ့ဝင် ၁၃၀ ပါ စီးပွားရေးကိုယ်စားလှယ်အဖွဲ့ကိုပါ ခေါ်ဆောင်ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly