ဖြိုးကိုကိုတင့်ဆန်း၏ အမှုများ ပေါင်းစစ်ရန် သင့်၊ မသင့် လာမည့်ရုံးချိန်းတွင် အမိန့်ချမည်

ဖြိုးကိုကိုတင့်ဆန်း၏ အမှုများ ပေါင်းစစ်ရန် သင့်၊ မသင့် လာမည့်ရုံးချိန်းတွင် အမိန့်ချမည်
ဓာတ်ပုံ - မင်းမင်း

 

နေပြည်တော်၊ ဇန်နဝါရီ ၁၇ ။             ။ မူးယစ်ဆေးဝါးမှု ၊ နိုင်ငံတော် အစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ၊ လက်နက်မှုအပါဝင် ပြစ်မှုပေါင်း ၁၂မှုအတွက် စွဲတင်ထားခံရသော ဖြိုးကိုကိုတင့်ဆန်း၏ အမှုများကို ပေါင်းစစ်ရန်သင့်မသင့် လာမည့် ဇန်နဝါရီ ၂၄ ရက်နေ့ စတုတ္ထကြိမ်မြောက် ရုံးချိန်းတွင်း အမိန့်ချမှတ်သွားမည်ဖြစ်သည်ဟု  ဒက္ခိဏခရိုင်တရားရုံးမှ ပြန်ကြားရေး အရာရှိ ဦးခင်မောင်ထွေးက ပြောသည်။

“စောစောက ခရိုင်တရားသူကြီးက မှာတာလေးကတော့ သူကဘာပြောလဲဆိုတော့ ကျင့်ထုံး ဥပဒေ အရ ဒါကျင့်ထုံးအရ အမှုစစ်ဆေးတဲ့နေရာမှာ လွယ်ကူဖို့အတွက်ရယ်၊ နောက်တစ်ခါ အမှုသည်တွေ အမှုကိုဆောင်ရွက်တဲ့နေရာမှာ အဆင်ပြေချောမွေ့ဖို့အတွက်ရယ်တဲ့ ဒါအမှုကိုပေါင်းပြီးစစ်တာ ။ဒါ သူတို့ရဲ့ စွဲချက်ကြီးကို ပယ်ဖျက်တာမဟုတ်ဘူး။ခရိုင်တရားသူကြီးက ပြောတဲ့ဟာပေါ့။ ကျင့်ထုံးအရ ဆောင်ရွက်ခြင်းပဲ ဖြစ်တယ်။ ဥပဒေအရပေါ့ဗျာ ပြောရရင်တော့။စောစောက ပြောတဲ့ဟာမှာ နောက်တစ်ချိန်းကျလို့ရှိရင် အမိန့်ချမယ်။ ပြီးလို့ရှိရင် နောက်တစ်ချိန်းမှာ ၁၁၅/၂၀၁၇ က ဒုရဲမှူးမောင်မောင်စိုးရယ်၊ နောက်တစ်ခါ ၁၁၈/၂၀၁၇က ရဲမှူးဌေးအောင်ရယ် စစ်ဖို့အတွက် ချိန်းထားတယ်” ဟု ယနေ့ ရုံးချိန်းတွင်း ခရိုင်တရားသူကြီး ပြောသည်များကို ဦးခင်မောင်ထွေးက ပြောသည်။

ယခင် ဒုတိယအကြိမ် အဖြစ် ဇန်နဝါရီ ၁၀ရက်က ရုံးချိန်းတွင်း ရာဇဝတ်ကျင့်ထုံး ၂၃၄ အရ တစ်နှစ်အတွင်းဖြစ်ပွားခဲ့သည့်  ပြစ်မှုတူလျှင် ပေါင်း၍ရသောကြောင့် နှစ်ဖက်ရှေ့နေများကို တရားရုံးမှလျှောက်လဲချက် တင်ခိုင်းခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ အမှုများကို ပေါင်းခိုင်းခြင်းသည် စွဲချက်များကို ပေါင်းခြင်းမဟုတ်ဘဲ ၊ အမှုသွား အမှုလာများနှင့် လည်း လုံးဝသက်ဆိုင်မည်မဟုတ်ကြောင်း ယနေ့ တတိယအကြိမ်မြောက်ရုံးထုတ်ခဲ့သည့် ရုံးချိန်းတွင် ဒက္ခိဏခရိုင်တရားသူကြီး ဦးလှဝင်းက ပြောသည်။

ယနေ့ ရုံးချိန်းတွင် မူးယစ်ဆေးဝါးမှု ၂မှု၊ လက်နက်ဥပဒေ အမှု ၂ မှု၊ စကားပြောစက်များတွေ့ရှိမှုဖြင့် အရေးယူထားသည့် ဆက်သွယ်ရေး မှု ၂မှု ၊ နိုင်ငံတော် လျှို့ဝှက်ချက်များ အက်ဥပဒေ အမှု ၂မှု စသည့် အမှုများကို တရားခံရှေ့နေများက တင်ပြခဲ့သည်ဟု ဒက္ခိဏခရိုင်တရားရုံးမှ ပြန်ကြားရေး အရာရှိ ဦးခင်မောင်ထွေးက ပြောသည်။

ဖြိုးကိုကိုတင့်ဆန်း၏ အမှုများအား ဒက္ခိဏသီရိခရိုင် တရားရုံးတွင် အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းစစ်ဆေးသွားမည်ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာ ၁၅ရက်၊ ည ၇နာရီကျော်အချိန်က MNA လေကြောင်းလိုင်းဖြင့် နေပြည်တော်မှ ရန်ကုန်မြို့သို့ လိုက်ပါမည့် ခရီးသည် ဖြိုးကိုကိုတင့်ဆန်းအပါအဝင် ACE ရုံးအဖွဲ့နှစ်ဦးတို့၏ ခရီးဆောင်အိတ်များကို စစ်ဆေးရာမှ သေနတ်များ၊ ကျည်တောင့်များအပါအဝင် မူးယစ်ဆေးဝါးတချို့ကို သိမ်းဆည်းရမိရာမှ ၎င်းတို့ကို ဖမ်းဆီးခဲ့သည်။

ထို့နောက် ဖြိုးကိုကိုတင့်ဆန်း ပိုင်ဆိုင်သော နေပြည်တော်ရှိ Hotel ACE အပါအဝင် ရန်ကုန်ရှိ ၎င်း၏ နေအိမ်၊ ရုံးခန်းစသည်တို့ကို ဆက်လက် စစ်ဆေးခဲ့ရာ သေနတ်များနှင့် ဆက်စပ်ပစ္စည်းများကို ထပ်မံသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly