မြောက်ဦးတွင် ရဲတပ်ဖွဲ့ဝင်များ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူရုပ်အလောင်းများကို ဇန်နဝါရီ ၁၈ တွင်သဂြိုလ်မည်

မြောက်ဦးတွင် ရဲတပ်ဖွဲ့ဝင်များ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူရုပ်အလောင်းများကို ဇန်နဝါရီ ၁၈ တွင်သဂြိုလ်မည်
ဓာတ်ပုံ- Myat Thu Tin(Fb)

ဇန်နဝါရီလ ၁၇ ။             ။ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့တွင် လုံခြုံရေးရဲတပ်ဖွဲ့ဝင်များ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးသွားသော ဒေသခံရုပ်အလောင်း ၇ လောင်းကို လာမည့် ဇန်နဝါရီလ ၁၈ ရက်၊ မွန်းလွဲ ၁ နာရီတွင် သဂြိုလ်သွား မည်ဖြစ်ကြောင်း  မြောက်ဦးမြို့နယ်၊ ပြည်နယ်လွှတ်တေ်ာကိုယ်စားလှယ် ဦးထွန်းသာစိန်က မဇ္ဈိမသို့ ယနေ့ ဇန်နဝါရီလ ၁၇ ရက်၊ ညနေ ၄ နာရီခွဲအချိန်တွင် ပြောသည်။

ယနေ့တွင် မြောက်ဦးဆေးရုံတွင် အလောင်းများကိုထားရှိထားပြီး လုံခြံရေးအင်အား ၁၀၀ကျော်ခန့် ချထားကြောင်းဒေသခံများကပြောသည်။

“ ကျွန်တော်ဖုန်းဆက်ကြည့်တော့  အဲ့ဒီလောက်ထိ တင်းမာမှုမရှိပါဘူးတဲ့။ မနက်ဖြန် ၁ နာရီလောက်မှာ အဲ့ဒီ အလောင်း ၇ လောင်းကို သဂြိုလ်မယ်ပေါ့နော်။ သူတို့ကို အကောင်လိုက်ပေါ့။ သူတို့ကို ဂူသွင်းမယ့် ခေါင်းတိုက် ကို လုပ်လို့မပြီးသေးဘူး။ ဒီနေ့တော့ ပြီးလောက်ပါတယ်။ ဒီနေ့ပြီးရင် မနက်ဖြန် ၁ နာရီလောက်မှာ သဂြိုလ် မယ်။ အဲ့ဒီ အုတ်ဂူအတွက်လည်းပဲ အရေးပေါ်ကူညီကယ်ဆယ်ရေး မြောက်ဦးရဲ့ လူမှုအသင်းအဖွဲ့က လှူထား တယ်လို့လည်း ပြောပါတယ်။ အခုက အေးဆေးပါပဲတဲ့။ ဒါပေမယ့် ဝိုင်းပြီးတော့ ထိန်းဖို့အတွက်လည်း ရခိုင်ပြည် နယ်လွှတ်တော်ဥက္ကဌကြီးနဲ့တကွ လွှတ်တော်ကိုယ်စားလှယ်တွေလည်း အဲ့ဒီမှာ ရှိနေပါတယ်။ နောက်ပြီး ရဟန်း သံဃာတွေပါ အကုန်လုံးရှိနေပါတယ်”ဟု ပြည်နယ်လွှတ်တေ်ာကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောသည်။

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ အလယ်ဈေးရပ်ကွက်ရှိ နန်းတော်ရာကုန်းတွင် ရခိုင်ဘုရင့် နိုင်ငံတော် အချုပ် အခြာအာဏာ ကျဆုံးသည့် (၂၃၃) နှစ်မြောက် အထိမ်းအမှတ်ပွဲ ပြုလုပ်ရန် ကိစ္စနှင့် ပတ် သက်ပြီး တားမြစ်မှုအပေါ် မကျေနပ်သဖြင့် ဇန်နဝါရီ ၁၆ ရက် ည ၇ နာရီခန့်တွင် လူစုလူဝေး ဖြစ်ပေါ်ခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ထားသည်။

ထိုသို့ လူစုလူဝေးဖြစ်ပေါ်ပြီး မြောက်ဦးမြို့အတွင်း ကြွေးကြော်သံများဖြင့် လှည့်လည်စဉ် ရဲတပ်ဖွဲ့ဝင်များနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့မှ ရဲလုပ်ငန်းနှင့်အညီ အဆင့်ဆင့်တားမြစ်ခဲ့သော်လည်း အခြေအနေ ပိုမို ဆိုးရွားလာသဖြင့် သေနတ်ဖြင့် သတိပေးခြောက်လှန့်ပစ်ခတ်ခြင်း၊ လူစုကွဲစေရန် ပစ်ခတ်ခြင်းများ ပြုလုပ်ခဲ့ခြင်း ကြောင့် အမျိုးသား ၇ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီးအောင်မြတ်မိုးက ယနေ့ ဇန်နဝါရီလ ၁၇ ရက်၊ နံနက် ၁၁နာရီတွင် မဇ္ဈိမသို့ ယခုကဲ့သို့ ပြောသည်။

“ ရခိုင်ဘုရင့်နိုင်ငံတော် ကျဆုံးနေ့အထိမ်းအမှတ်အခမ်းအနားကို တားမြစ်တဲ့အတွက် အဲ့ဒါတွေရယ်၊ နောက်ပွဲ လမ်းသဘင် တွေရှိတော့ လာရင်းနဲ့ သူတို့ ပွဲမကြည့်ရတာနဲ့ မကျေနပ်တာပါတယ်ပေါ့။ မူးရူးပြီးတော့ ဖြစ်ကြ တာ။ တို့အရေးလို့ အော်တာကတစ်ပိုင်းပေါ့ဗျာ။ အော်ရင်းနဲ့မှ ခရိုင်အုပ်ချုပ်ရေးမှူးရုံးတို့ အိမ်တို့ကို ဖျက်စီး တယ်။ အလံတွေ ဖြုတ်ချတယ်။ ပြီးတော့ ရဲတပ်ဖွဲ့တွေဆီက   သေနတ်တွေလုတယ်။ ဝင်လုံးတယ်ပေါ့။ အဲ့ဒါ တွေဖြစ်တယ်။ ဖြစ်တော့ ဒီပြဿနာဖြစ်တာပေါ့”ဟု ပြည်နယ်ရဲမှူးကြီးအောင်မြတ်မိုးကပြောသည်။

လူစုလူဝေးမှ ကျောက်ခဲများဖြင့် ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၂ဝ ခန့် ထိခိုက်ဒဏ်ရာများရရှိပြီး ခရိုင်အထွေ ထွေအုပ်ချုပ်ရေးမှူးရုံးဝင်းအတွင်း ဝန်ထမ်း ဆိုင်ကယ်အချို့ပျက်စီးခြင်း၊ ဌာနပိုင် မော်တော်ယာဉ် အချို့ပျက်စီး ခြင်း၊ ရုံးခန်းနှင့် မှန်တံခါးများပျက်စီးခဲ့ကြောင်း၊ လက်ရှိတွင် နယ်မြေတည်ငြိမ်အေးချမ်းရေးအတွက် တာဝန် ရှိသူများက ဆက်လက်ဆောင်ရွက်နေကြောင်း  ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ပါရှိ သည်။

ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး စစ်တွေဒေသခံလူငယ် ဒါဇင်ဝက်ခန့်က အပြင်းအထန်ကန့်ကွက်ကြောင်းနှင့် သက်ဆိုင်သူများကို အမြန်ဆုံး ပြင်းထန်စွာအရေးယူပေးရန်
ရခိုင်ပြည်နယ်အစိုးရရုံးရှေ့တွင် ယနေ့ မွန်းလွှဲပိုင်းက ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly