တတိယမြောက်ရင်သွေးလေး ရရှိခဲ့ပြီဖြစ်သည့် ကန်ယေးဝက်စ်နှင့် ကင်မ်ကာဒါရှန်းတို့ ဇနီးမောင်နှံ

တတိယမြောက်ရင်သွေးလေး ရရှိခဲ့ပြီဖြစ်သည့် ကန်ယေးဝက်စ်နှင့် ကင်မ်ကာဒါရှန်းတို့ ဇနီးမောင်နှံ

နာမည်ကျော်အဆိုတော် ကန်ယေးဝက်စ်နှင့် စူပါမော်ဒယ် ကင်မ်ကာဒါရှန်းတို့ ဇနီးမောင်နှံသည် တတိယမြောက် ရင်သွေးလေးရရှိခဲ့ပြီဖြစ်ပြီး ရင်သွေးလေးမှာ မိန်းကလေးဖြစ်သည်ဟု သူတို့၏ ပရိသတ်များကို အသိပေးခဲ့သည်။

ထိုရင်သွေးလေးကို အငှားကိုယ်ဝန်ဖြင့်ရယူခဲ့ခြင်းဖြစ်ပြီး ကလေးငယ်မှာ ၇ပေါင်နှင့် ၆ အောင်စရှိကြောင်း ကင်မ်ကာဒါရှန်းက သူမ၏ တရားဝင်ဝက်ဘ်ဆိုက်၌ ကြေညာခဲ့သည်။

“ကန်ယေးနဲ့ ကျမတို့နှစ်ဦးစလုံးဟာ ဝမ်းသာပျော်ရွှင်နေကြပါတယ်။ ရင်သွေးလေးဟာ ကျန်းကျန်းမာမာနဲ့ ဖွားမြင်လာခဲ့ပြီး တကယ့်ကိုလှပတဲ့ သမီးငယ်လေးဖြစ်ပါတယ်” ဟု ကင်မ်ကာဒါရှန်းက ရေးသားခဲ့သည်။

ဆက်လက်ပြီး “ကျမတို့ရဲ့အိပ်မက်တွေအမှန်တကယ်ဖြစ်လာဖို့ ကူညီပေးခဲ့တဲ့ အငှားကိုယ်ဝန်လွယ်ပေးတဲ့ အမျိုးသမီးကိုလည်း ကျမတို့က အထူးကျေးဇူးတင်ပါတယ်” ဟု ပြောဆိုခဲ့သည်။

ဒါ့အပြင် သူတို့၏အခြားကလေးနှစ်ဦးဖြစ်သော ၄ နှစ်အရွယ် နော့သ်ဝက်စ်နှင့် ၂နှစ်အရွယ် စိန့်ဝက်စ်တို့သည် လည်း ညီမလေးရရှိလာသည့်အတွက် ဝမ်းသာပျော်ရွှင်နေသည်ဟု သူမက ဆိုခဲ့သည်။

ကင်မ်ကာဒါရှန်းက သူမအနေဖြင့် နောက်ထပ်ကိုယ်ဝန်ထပ်ဆောင်ခဲ့ရပါက ကျန်းမာရေးထိခိုက်နိုင်ပြီး အန္တရာယ်များသည်ဟု ဆရာဝန်များက အကြံပေးခဲ့သောကြောင့် အငှားကိုယ်ဝန်အသုံးပြု၍ ကလေးမွေးဖွားခဲ့ရ ခြင်းဖြစ်သည်ဟု မကြာသေးခင်က ထုတ်ဖော်ပြောဆိုခဲ့ဖူးသည်။

ကင်မ်ကာဒါရှန်း၏အဆိုအရ သူတို့၏တတိယမြောက်ရင်သွေးလေးကို တနင်္လာနေ့က ဖွားမြင်ခဲ့ခြင်းဖြစ်ပြီး အမည်ကိုတော့ မပေးရသေးကြောင်း သိရသည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly