ကလေးသူငယ်များအပေါ် အလွဲသုံးမဖွယ်မရာပြုမှုများအတွက် ခွင့်လွှတ်ပေးရန် ပုပ်ရဟန်းမင်းကြီး တောင်းပန်

ကလေးသူငယ်များအပေါ် အလွဲသုံးမဖွယ်မရာပြုမှုများအတွက် ခွင့်လွှတ်ပေးရန် ပုပ်ရဟန်းမင်းကြီး တောင်းပန်

ဆန်တီယာဂို၊ ဇန်နဝါရီ ၁၇ ။           ။ ချီလီနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော ခရစ်ယာန်ဘုန်းကြီးများ၏ ကလေးသူငယ်များအပေါ် အလွဲသုံးမဖွယ်မရာ ပြုခဲ့ခြင်းများအတွက် သားကောင်ဖြစ်ခဲ့သူများအနေဖြင့် ခွင့်လွှတ်ပေးရန် ခရီးစဉ်ရောက်ရှိနေသည့် ပုပ်ရဟန်းမင်းကြီးက ဇန်နဝါရီ ၁၆ ရက်က ပထမဆုံး လူထုမိန့်ခွန်း ပြောကြားမှုတွင် တောင်းပန်လိုက်သည်။

ဘုန်းကြီးများ ကျုးလွန်သည်ဟု စွပ်စွဲချက်များ ပေါ်ပေါက်နေသည့် အဆိုပါ ကလေးသူငယ် မဖွယ်မရာပြုမှုများအတွက် ပုပ်ရဟန်းမင်းကြီးက အရေးယူဖြေရှင်းမည်ဟု ယင်းခရီးစဉ်မတိုင်မီက အများအပြား မျှော်လင့်ထားကြခြင်း ဖြစ်သည်။

“ခရစ်ယာန်ဘုရားရှိခိုးကျောင်းမှာ ကျုးလွန်ပေါ်ပေါက်ခဲ့တဲ့ ဘုန်းတော်ကြီးတွေရဲ့ ကလေးငယ်တွေအပေါ် မဖွယ်မရာ ပြုမှုခြင်းတွေဟာ အစားထိုးမရနိုင်တဲ့ ပျက်စီးဆုံးရှုံးမှုဖြစ်တာကြောင့် ကျွနု်ပ်အတွက် ဘယ်လောက်နာကျင်ခံစားရတယ်၊ ဘယ်လောက်အထိ အရှက်ရတယ်ဆိုတာ ဖော်ပြမနိုင်အောင်ပါပဲ။”ဟု မြို့တော် ဆန်တီယာဂိုရှိ မိုနီဒါသမ္မတနန်းတော်က အခမ်းအနားတစ်ရပ်တွင် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်က ဆိုသည်။

ပုပ်ရဟန်းမင်းကြီး၏ ထိုသို့ ပြောဆိုမှုကို ၎င်း၏ မိန့်ခွန်းအား ကြားနာတက်ရောက်သူပေါင်း ၇၀၀ နီးပါးက အားပေးထောက်ခံမှု ပြုခဲ့သည်။

ခွင့်လွှတ်ပေးဖို့ရန် တောင်းပန်ရခြင်းသည် မှန်ကန်သော လုပ်ဆောင်မှုဖြစ်ကြောင်း၊ ဒုက္ခရောက်သူများကို ထောက်ကူပေးခြင်းလည်း ဖြစ်ပြီး ယင်းသို့သော ပြစ်မှုမျိုး နောက်ထပ်မဖြစ်ပွားအောင် ကျိန်းသေစေကြောင်း ပုပ်ရဟန်းမင်းကြီးက ဆိုသည်။

ချီလီကက်သလစ်ဘုရားကျောင်းနှင့် ဗာတီကန်တို့ပါ ပါဝင်ငြိစွန်းနေသော ကလေးသူငယ်အလွဲသုံးစားပြုမှုခြင်း အရှုပ်တော်ပုံအတွင်း ပုပ်ရဟန်းမင်းကြီး၏ ချီလီခရီးစဉ်က ခက်ခဲလိမ့်မည်ဟု ခရီးစဉ်မတိုင်မီ အကဲဖြတ်များက ခန့်မှန်းထားသည်။

ကက်သလစ်ဘုရားကျောင်းတွင် ဖြစ်ပွားသော ကလေးသူငယ် မဖွယ်မရာ ပြုမှုခြင်းများအတွက် စုံစမ်းစစ်ဆေးသော အဖွဲ့အစည်းဖြစ်သည့် Bishop Accountability အဖွဲ့အစည်းက ချီလီနိုင်ငံအတွင်း ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုမှုသည့် ကက်သလစ်ဘုန်းကြီးများ၊ သီလရှင်များ ဦးရေ ၈၀ စာရင်းကို ပုပ်ရဟန်းမင်းကြီး ခရီးစဉ် မတိုင်မီ ထုတ်ပြန်ထားပြီးလည်း ဖြစ်သည်။

၎င်းအပြင် အိုဆော်နို တောင်ပိုင်းသာသနာ့နယ်မြေတွင် ကလေးသူငယ်အပေါ် လိင်တပ်မက်သူ ဘုန်းတော်ကြီး ဖာနန်ဒိုကာရာဒီမာအား ကူညီပေးသည် စွပ်စွဲချက်ဖြင့် ဘုန်းကြီး ဂျုအန်ဘာရို့စ်ဆိုသူကို နုတ်ထွက်ပေးရန် တောင်းဆိုဆန္ဒပြမှုများ ရှိနေသည်။

ဘုန်းတော်ကြီး ဖာနန်ဒိုကာရာဒီမာသည် စုံစမ်းစစ်ဆေးမှုတစ်ရပ်အရ ကလေးသူငယ် လိင်မဖွယ်မရာ ကျုးလွန်မှုဖြင့် ဗာတီကန်က ၂၀၁၁ ခုနှစ်တွင် အပြစ်ချမှတ်ခံခဲ့ရသူဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly