နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် စာရေးဆရာ ကိုဝေဟင်အောင်အား ဖမ်းဆီး

နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် စာရေးဆရာ ကိုဝေဟင်အောင်အား ဖမ်းဆီး
စာရေးဆရာဝေဟင်အောင်သည် ပရဟိတလုပ်ငန်းများ လုပ်ကိုင်ရင်း လူသိများလာသူဖြစ်ကာ သရုပ်ဆောင်ဝေဠုကျော်နှင့်အတူ ပရဟိတလုပ်ငန်းများ ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ (ဓာတ်ပုံ-ဝေဟင်အောင် ဖေ့ဘွတ်ခ်)

စစ်တွေ၊ ဇန်နဝါရီ ၁၇ ရက်။      ။ ရခိုင်လူငယ် စာရေးဆရာ ဝေဟင်အောင်သည် ဇန်နဝါရီလ ၁၆ ရက်နေ့ ညနေ ၅ နာရီ ၄၅ မိနစ် အချိန်ခန့်က စစ်တွေမြို့ရှိ ၎င်း၏ နေအိမ်အတွင်း ဖမ်းဆီးခဲ့ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်ဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ ပြည်နယ်ရဲမှူးကြီး အောင်မြတ်မိုးက ပြောသည်။

"ဟုတ်တယ်။ မှန်တယ်။ နိုင်ငံတော် အကြည်ညိုပျက်စေမဲ့ စကားတွေပြောတယ်။ သစ္စာဖောက်ရဲ့ ပုန်ကန်မှုစကားတွေ ပြောတယ်။ အဲဒါကြောင့် နိုင်ငံတော်က အရေးယူတာပါခင်ဗျ။" ဟု ရခိုင်ပြည်နယ်ရဲမှူးကြီး အောင်မြတ်မိုးက အတည်ပြု ပြောကြားသည်။

စစ်တွေမြို့နယ် ရဲမှူးနှင့် ရဲအုပ်အေးခင်မောင်တို့က ၎င်း၏ နေအိမ်သို့လာရောက် ဖမ်းဆီးခြင်းဖြစ်ပြီး လက်ရှိတွင် စစ်တွေမြို့မ ရဲစခန်းတွင် ထိန်းသိမ်းထားကြောင်း သိရသည်။

လုံခြုံရေးအခြေနေအရ မည်သို့ ခေါ်ဆောင်သွားမည်ကို ပြောမည်မဟုတ်ဟု ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့က ဆိုသည်။

"လောလောဆယ် စစ်တွေမြို့မစခန်းရဲ့ အကျဉ်းထောင်မှာ ရှိပါတယ်ခင်ဗျ။ လုံခြုံရေး လိုအပ်ချက်အရ ဘယ်မှာ ထားမယ် ဆိုတာကို ပြန်ကြည့်ပါမယ်။ အမှုဖွင့်တာကတော့ ရသေ့တောင်မှာ ဖွင့်တာပါခင်ဗျ။" ဟု ပြည်နယ် ရဲမှူးကြီး အောင်မြတ်မိုးက ပြောသည်။ 

ရခိုင့်ဘုရင်အချုပ်အခြာ အာဏာကျဆုံးခြင်း အောက်မေ့ဖွယ် အခမ်းအနား ၂၃၃ နှစ်မြောက်နေ့ ဟောပြောပွဲတွင် ဇန်နဝါရီလ ၁၅ ရက်နေ့က ရသေ့တောင်မြို့နယ်တွင် ဒေါက်တာအေးမောင်နှင့်အတူ 'လလည်းကွယ် ပြည်လည်းဆုံး' ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့တွင် ယနေ့(ဇန်နဝါရီ ၁၆ ရက်) ပြာသိုလကွယ်နေ့၌ ကျင်းပရန် စီစဉ်ထားသည့် ရခိုင့်ဘုရင် အချုပ်အခြာ အာဏာကျဆုံးခြင်း အောက်မေ့ဖွယ် အခမ်းအနားကို သက်ဆိုင်ရာက တားမြစ်လိုက်သည့်အတွက် အခမ်းအနား ကျင်းပရန် စီစဉ်ထားသည့် နန်းတော်ကုန်းထက်တွင် လူထုအုံကြွမှုဖြစ်ပွားကာ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် လူ ၇ ဦး သေဆုးကာ ၁၀ ဦးခန့် ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly