နျူကလီးယားစစ်ပွဲအတွက် စိုးရိမ်ကြောင်း ချီလီခရီးစဉ် ရောက်ရှိသည့် ပုပ်ရဟန်းမင်းကြီး ဖွင့်ဟဝန်ခံ

နျူကလီးယားစစ်ပွဲအတွက် စိုးရိမ်ကြောင်း ချီလီခရီးစဉ် ရောက်ရှိသည့် ပုပ်ရဟန်းမင်းကြီး ဖွင့်ဟဝန်ခံ

ဆန်တီယာဂို၊ ဇန်နဝါရီ ၁၆ ။       ။ လက်တင်အမေရိက ခရီးစဉ်အဖြစ် ပုပ်ရဟန်းမင်းကြီးသည် ချီလီနှင့် ပီရူးသို့ သီတင်းပတ်ကြာ အလည်အပတ်ခရီးစဉ် စတင်ရာ ၎င်းအနေဖြင့် နျူကလီးယားစစ်ပွဲကြီး ဖြစ်လာနိုင်ခြေအတွက် စိုးရိမ်ပူပန်မှု ရှိနေကြောင်း ဇန်နဝါရီ ၁၅ ရက်က ဝန်ခံပြောကြားသည်။

ချီလီနိုင်ငံသို့ ပုပ်ရဟန်းမင်းကြီး လေယာဉ်ဆိုက်ရောက်ချိန်တွင် မြောက်ကိုရီးယား၏ နျူကလီးယား စမ်းသပ်မှုများနှင့် အမေရိကန်နှင့် ဟာဝိုင်ယီတွင် ကြောက်လန့်တကြားဖြစ်စေခဲ့သည့် ဒုံးကျည်သတိပေးချက်   အမှားများ ဖြစ်ပေါ်ခဲ့ခြင်းနှင့် ပတ်သက်ပြီး သတင်းထောက်များက မေးမြန်းရာတွင် “ကျွနု်ပ်တို့ဟာ အစွန်အဖျားမှာ ရောက်နေတဲ့ အခြေအနေလို့ ကျွနု်ပ် ထင်မြင်မိတယ်။”ဟု ဖြေကြားသည်။

“ဒီနျူကလီးယားစစ်ပွဲ ဖြစ်နိုင်မယ့်အရေးကို ကျွနု်ပ် အမှန်ပဲ စိုးရိမ်ပူပန်တယ်။ ချွတ်ချော်လွဲမှားမှု တစ်ရပ်တည်းနဲ့တောင် ဖြစ်ပွားသွားနိုင်တဲ့ အခြေအနေပဲ ဖြစ်တယ်။”ဟု ပုပ်ရဟန်းမင်းကြီးက ဆိုသည်။

ပုပ်ရဟန်းမင်းကြီးအဖြစ် ခံယူပြီး ပထမဆုံး ခရီးစဉ်နှင့် ၎င်း၏ ခြောက်ကြိမ်မြောက် ခရီးစဉ်အဖြစ် ပုပ်ရဟန်းမင်းကြီး ဖရန့်စစ်သည် ဇန်နဝါရီ ၁၅ ရက် ညပိုင်းက ချီလီနိုင်ငံသို့ ဆိုက်ရောက်ခဲ့ခြင်း ဖြစ်သည်။

သက်တော် ၈၁ နှစ်ရှိပြီဖြစ်သော အာဂျင်တီးနားက ပုပ်ရဟန်းမင်းကြီးအနေဖြင့် ၁၉၆၀ ခုနှစ်များက ကျောင်းသားဘုန်းကြီးတစ်ပါးအဖြစ် နေထိုင်ခဲ့ဖူးသော ချီလီနိုင်ငံသို့ ရောက်ရှိခြင်းလည်း ဖြစ်သည်။

ယခင် ရှေးရိုးစွဲနိုင်ငံအဖြစ် ရှိနေသည့် ချီလီနိုင်ငံတွင် လိင်တူစုံတွဲများရေးရာ အဖွဲ့အစည်းများကို အသိအမှတ်ပြုခြင်း၊ လိင်တူလက်ထပ်ခွင့် ဥပဒေကြမ်းပြဌာန်းခြင်း၊ ကိုယ်ဝန်ဖျက်ချခွင့်စသည့် အပြောင်းအလဲကြီးများကို ဆိုရှယ်လစ်သမ္မတ မိုက်ကယ်ဘတ်ချယ်လက်က ဦးဆောင်ကာ ဖော်ဆောင်ထားနိုင်ပြီးလည်း ဖြစ်သည်။

ပုပ်ရဟန်းမင်းကြီး၏ ယခုခရီးစဉ်သည် ချီလီက ခရစ်ယာန်ဘုန်းတော်ကြီး ၈၀ နီးပါး၏ ၂၀၀၀ ခုနှစ်စပြီး ကျုးလွန်ထားခဲ့ကြသည်ဆိုသော အရွယ်မရောက်သူများအပေါ် လိင်မဖွယ်မရာ ပြုလုပ်သည့် သတင်းစွပ်စွဲမှုများ အရိပ်လွှမ်းမိုးနေသည့်ကြားက ထွက်ပေါ်လာသော ခရီးစဉ်လည်းပဲ ဖြစ်သည်။ အဆိုပါ စွပ်စွဲချက်များနှင့် ပတ်သက်ပြီး စွပ်စွဲခံရသူများ၏ ထက်ဝက်နီးပါးကို ဗာတီကန်တရားရုံးက အပြစ်ပေးဒဏ်ချမှတ်ထားပြီး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly