မာကျူရီပါဝင်သော တရားမဝင် အလှကုန်ပစ္စည်းများအပါအဝင် ၂၁မျိုး နေပြည်တော်တွင် ဖမ်းဆီးရမိ

မာကျူရီပါဝင်သော တရားမဝင် အလှကုန်ပစ္စည်းများအပါအဝင် ၂၁မျိုး နေပြည်တော်တွင် ဖမ်းဆီးရမိ
မာကျူရီနှင့် ဟိုက်ဒရိုကွီနုန်းပါဝင်၍ FDA မှ တားမြစ်ထားသည့် အလှကုန်ပစ္စည်းအချို့ အားတွေ့ရစဉ်။

နေပြည်တော်၊ ဇန်နဝါရီ ၁၆ ။         ။ နေပြည်တော်ကောင်စီနယ်မြေ ရှိ မြို့မဈေး၊ သပြေကုန်းဈေး၊ အင်ကြင်းဈေး၊ ပျဉ်းမနားဈေးနှင့် ပျဉ်းမနားမြို့ပေါ်ရှိ အလှကုန်ပစ္စည်းဆိုင် အချို့မှ တရားမဝင် အလှကုန်ပစ္စည်း ၂၁ မျိုးနှင့် ဆေးဝါး ၂မျိုးကို တွေ့ရှိခဲ့ပြီး သိမ်းဆည်းခဲ့သည်ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန(FDA) မှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းလင်းအောင်က ပြောသည်။

“၂၃ မျိုးထဲမှာ အလှကုန်ရယ်လို့ သေချာပေါက်ပြောလို့ရတဲ့ဟာက ၂၁ မျိုးဖြစ်ပြီးတေ့ာ ကျန်တဲ့ ၂မျိုးကတော့ ဆေးဝါးတွေ ဖြစ်နေပါတယ်” ဟု ယနေ့ ဇန်နဝါရီ(၁၆)ရက် နေ့ခင်းပိုင်းက နေပြည်တော်ရှိ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန တွင်မီဒီယာများနှင့်တွေ့ဆုံစဉ် ၎င်းကပြောခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးရမိသော တရားမဝင် အလှကုန် ပစ္စည်းများ အများစုတွင် မာကျူရီ(ပြဒါး) များကိုတွေ့ရှိခဲ့ရသည်ဟု ၎င်းကဆက်ပြောသည်။

အလှကုန်များတွင် မာကျူရီ၊ စတီးရွိုက်ပါဝင်သော အလှကုန်ပစ္စည်းများ မရောင်းချရန် တားမြစ်ထားသော်လည်း ရောင်းချနေကြောင်း သတင်းရရှိသည့်အတွက် FDA မှ နေပြည်တော် ဈေး ၄ ဈေးသို့ ယနေ့  ရှောင်တခင် ဝင်ရောက်စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

အဆိုပါ မာကျူရီ(ပြဒါး) ဓာတ်သည် လူ၏ ခန္ဓာကိုယ်တွင် အရေးပြားယားယံခြင်း၊ ရောင်ရမ်းခြင်း ၊အဖြူအနီအကွက်များဖြစ်ခြင်း၊ အရေပြားမှတဆင့် ခန္ဓာကိုယ်တွင်းသို့ စုပ်ယူ၍ ထုံကျဉ်ခြင်း၊ ကြွက်သားတုန်ခါခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်းများနှင့် ရေရှည်သုံးစွဲပါက ကျောက်ကပ်ပျက်စီးခြင်းနှင့် အခြားရောဂါများဖြစ်ပွားနိုင်ကြောင်းကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

" နောက်ပြီး အထဲထဲမှာ ဆပ်ပြာခဲပါတယ်။ နောက်မျက်နှာလိမ်းတဲ့ ခရင်မ်လေးပါတယ်။ပြီးရင် ဒီဗူးလေးတွေ ပေါ့နော်။အဲ့ဗူးတွေထဲမှာ ကျွန်တော်တို့ စစ်ဆေး လိုက်တဲ့ အခါကျတော့ အကုန်လုံး နီးပါးဟာ ပြဒါးတွေ ပါနေပါတယ်။ဆပ်ပြာခဲနဲ့ လိမ်းဆေးကတော့ ကောင်းပါတယ်။ အဲ့ထဲမှာ ဘာမှမပါဘူး။ သူနဲ့တွဲစပ်ပြီး လိမ်းတဲ့ ဒီ ဗူးထဲမှာ မာကျူရီတွေ ပါနေတဲ့ အတွက်ကြောင့် မို့လို့ ဒါတွေကို သိမ်းဆည်းခဲ့ပါတယ်" ဟု ဒေါက်တာထွန်းလင်းအောင်က ပြောသည်။

သပြေကုန်းဈေးတွင် ၂ ဆိုင်၊ ပျဉ်းမနားဈေးတွင် ၂ ဆိုင် ၊ အင်ကြင်းဈေးတွင် ၁ ဆိုင်၊ ပျဉ်းမနားမြို့ပေါ်ဆိုင်များအပါအဝင် စုစုပေါင်း ၉ ဆိုင်တွင် မာကျူရီပါဝင်သော အလှကုန်ပစ္စည်းများ ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။

"ပြီးတဲ့အပတ်ထဲကပဲတွေ့တာ။ကာလတန်ဖိုးက မတွက်ချက်ရသေးဘူး။ အများဆုံးသိမ်းခဲ့၇တဲ့ဆိုင်ကတော့ ကျွန်တော်ကြားတာပေါ့နော်။၁၈သိန်းဖိုးလောက်ပါသွားတယ်လို့ပြောတယ်။ ဆိုတော့ ဆိုင်တစ်ဆိုင်တည်းကတင် ၁၈သိန်းဆိုတော့ ကျန်တဲ့ ဟာတွေကောပေါင်းလိုက်ရင် ကျွန်တော်ထင်တယ် ။ ဒါ အနည်းဆုံးမရှိဘူးဆိုရင် သိန်း၃၀ နဲ့ အထက်မှာ ရှိမယ်" ဟု ဒေါက်တာထွန်းလင်းအောင်က ပြောသည်။

လက်ရှိတွင်  ဆိုင်များကို ခံဝန်များကို ထိုးခိုင်းထားကာ ၊ အလှကုန်နှင့် ဆေးဝါးပစ္စည်းများကို သိမ်းဆည်းထားပြီး၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန ၊ ပြည်သူ့ကျန်းမာ၊ စည်ပင်သာယာ နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ပါဝင်သော အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ရေးကော်မတီ အစည်းအဝေးကို ခေါ်ယူရန် ပြုလုပ်နေကြောင်း သိရသည်။

“အစည်းအဝေးမှာ ကျွန်တော်တို့ ဆုံးဖြတ်ပါမယ်။ကော်မတီရဲ့ အဆုံးအဖြတ်ကိုလည်း နာခံမှာဖြစ်သလို အဲ့ ကျွန်တော်တို့အထက်အဆင့်ဆင့် အခွင့်အာဏာရှိတဲ့ လူကြီးတွေကို ဒီလောက်များပြားတဲ့ဟာတွေကို တွေ့တာကိုသူတို့ရဲ့ အမိန့်ကိုလည်း ကျွန်တော်တို့ နာခံမှာ ဖြစ်ပါတယ်” ဟု ဒေါက်တာ ထွန်းလင်းအောင်က ပြောသည်။

ယခုဖမ်းဆီးရမိသော တရားမဝင် အလှကုန်အများစုသည် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံ မှ ဝင်ရောက်လာပြီး ၊ တချို့ အလှကုန်များသည် အွန်လိုင်းမှ ရောင်းချနေသော ပစ္စည်းများပါဝင်နေသည်။

လက်ရှိတွင် အွန်လိုင်း၌ ရောင်းချနေသည့် တရားမဝင် အလှကုန်ပစ္စည်းများကို လက်လှမ်းမှီသမျှ အရေးယူသွားမည်ဖြစ်ပြီး ၊ နယ်စပ်ဂိတ်များတွင်လည်း တားဆီးပိတ်ပင်ရန်အတွက် FDA မှ လုပ်ဆောင်သွားမည်ဖြစ်သည်ဟု သိရသည်။

“အဲ့တော့ နယ်စပ်တွေ ဒါကြောင့်လည်း ဒီလောက်များပြားတဲ့ ပစ္စည်းတွေ တွေ့ရှိ ခြင်းကို ကျွန်တော် အထက်ကို တင်ပြမှာဖြစ်ပါတယ်။ အထက်ကိုတင်ပြတယ်ဆိုတာ ဒါလူကြီးတွေ သူတို့သိသွားပါပြီ။ ဒါခြံစည်းရိုးမလုံလို့ဖြစ်တဲ့ ကိစ္စပါ။အဲ့တော့ ခြံစည်းရိုးလုံအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ ဒါအခွင့်အာဏာရှိတဲ့ အာဏာပိုင် အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေက ဆုံးဖြတ်ပြီးတော့မှ ညွှန်ကြားပြီးတော့လုပ်မှ ရပါလိမ့်မယ်။ FDA တစ်ခုတည်းနဲ့ နယ်စပ်မှာသွားပြီးတော့ ထိုင်စောင့်ပြီးဖမ်းမယ်ဆိုရင် မရပါဘူး။အခြားသောနှီးနွယ်နေတဲ့  ကျွန်တော်တို့ထက်ပိုဆိုင်တဲ့ အဖွဲ့အစည်းတွေကပဲ လုံခြုံအောင်လုပ်ပေးမှ ဖြစ်ပါလိမ့်မယ်” ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းလင်းအောင်ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly