တနင်္သာရီ သဘာဝကြိုးဝိုင်းအတွင်း အပန်းဖြေစခန်းတည်ဆောက်မည်

တနင်္သာရီ သဘာဝကြိုးဝိုင်းအတွင်း အပန်းဖြေစခန်းတည်ဆောက်မည်

 

 

မန္တလေး၊ဇန်နဝါရီ ၁၆ ။              ။ တနင်္သာရီသဘာဝကြိုးဝိုင်းစီမံကိန်းမှ ကြိုးဝိုင်းဧရိယာနှင့်ထိစပ်လျှက်ရှိနေသည့်ကျေးရွာများကို ခရီးသွားလုပ်ငန်းဖြင့်ဝင်ငွေရရှိစေရန်အတွက် ကလုန်းထာကျေးရွာအနီးရှိ တလိုင်းယာချောင်းအား အပန်းဖြေစခန်းအဖြစ်တည်ဆောက်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိသည်ဟု တနင်္သာရီ သဘာဝကြိုးဝိုင်းစီမံကိန်း၊ကလုန်းထာစခန်းခွဲတာဝန်ခံ တောအုပ် ဦးအောင်စိုးသန်းကပြောသည်။

အဆိုပါတလိုင်းယာချောင်းသည် ရေဖြူမြို့နယ်နှင့်ကလိန်အောင်ကြား၊ရန်ကုန်နှင့်ထားဝယ် လမ်းမကြီးအနီး ကလုန်းထာကျေးရွာအုပ်စုတွင် တည်ရှိပြီး လက်ရှိတွင် တလိုင်းယာချောင်းသို့ ခရီသွားတစ်ချို့လာရောက်လေ့လာ အပန်းဖြေမှုများလည်းရှိနေကြောင်းသိရသည်။

အဆိုပါချောင်းအနီး ကလုန်းထာကျေးရွာအဝင်တွင်လည်း သဘာဝရေပူစမ်းများရှိနေသည်။ထိုနေရာတွင်လည်း အပန်းဖြေလာရောက်သူများ နားနေရန် နားနေဆောင်များလည်း ဆောက်လုပ်ထားကြောင်းသိရသည်။

"ဒေသခံတွေ အလုပ်အကိုင်အခွင့်အလန်းအတွက်လည်းပါတယ်။ဒီကနေဝင်ငွေရရှိအောင်ပါ။ကျွန်တော်တို့ ဒီကြိုးဝိုင်းကြီးကို မှီခိုအားထားပြီးလုပ်နေတော့ ကြာရင်ပျက်စီးသွားမယ်။ သဘာဝပတ်ဝန်းကျင်ပျက်စီးသွားရင် ခံစားရမယ့်ဆိုးကျိုးက အားလုံးခံစားရမှာပါ။ဒါတွေသိအောင်လည်း ကျွန်တော်တို့အနေနဲ့ ပညာပေးစည်းရုံးမှုတွေလုပ်နေပါတယ်"ဟု ဦးအောင်စိုးသန်းကပြောသည်။

ကလုန်းထာကျေးရွာအုပ်စုတွင် တလိုင်းယာ၊ဒေါင့်လောက်၊ပိတောက်ကုန်းကျေးရွာတို့ရှိပြီး ၎င်းကျေးရွာတွင်နေထိုင်ကြသူအများစုသည် တနင်္သာရီသဘာဝကြိုးဝိုင်းကို မှီခိုလုပ်ကိုင်စားသောက်ကြကြောင်းသိရသည်။

"ကျွန်တော်တို့အနေနဲ့ လက်မှုပညာတွေ၊နည်းပညာတွေကို ထောက်ပံ့သင်ကြားပေးသွားမယ်။အခုလည်း ပညာပေးမှုရော နည်းပညာသင်ပေးမှုတွေရောလုပ်နေပါတယ်"ဟု ဦးအောင်စိုးသန်းကပြောသည်။

တလိုင်းယာချောင်းအား အပန်းဖြေစခန်းပြုလုပ်ရန်အတွက် ပညာရှင်များခေါ်ယူ၍ လေ့လာစမ်းစစ်မှုများပြုလုပ်သွားရန် စီစဉ်လျှက်ရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly