ဟိန္ဒူ ငါးရာကျော်နှင့် ဘင်္ဂါလီ ခုနှစ်ရာကျော်ကို ကနဦး ပြန်လည်လက်ခံမည်

ဟိန္ဒူ ငါးရာကျော်နှင့် ဘင်္ဂါလီ ခုနှစ်ရာကျော်ကို ကနဦး ပြန်လည်လက်ခံမည်
ပြန်လည်နေရာချထားပေးသော မောင်တောမြို့နယ်၊ ကိုင်းကြီး (မြို) ရွာအား ဇန်နဝါရီလ ၇ ရက်က တွေ့မြင်ရစဉ်။ ဓာတ်ပုံ-အေးချမ်းခိုင်

ရန်ကုန် ၊ ဇန်နဝါရီ ၁၆ ။            ။ ပဋိပက္ခဖြစ်စဉ်များကြောင့် မြန်မာနိုင်ငံအတွင်းမှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ ထွက်ပြေးသွားသည့် သူများအနက် ဟိန္ဒူ ငါးရာကျော်နှင့် ဘင်္ဂါလီ ခုနှစ်ရာကျော်ကို မြန်မာဘက်မှ ကနဦးအနေဖြင့် လက်ခံသွားမည်ဟု နိုင်ငံခြားရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်စိစစ်လက်ခံရေး ပူးတွဲလုပ်ငန်းအဖွဲ့၏ ပထမအကြိမ် ညှိနှိုင်း အစည်းအဝေးကို နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ယမန်နေ့က ပြုလုပ်ခဲ့ပြီးနောက် ယနေ့ ဇန်နဝါရီ ၁၆ ရက်နေ့တွင် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကာ အစိုးရဘက်မှ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

"ပြန်လည်လက်ခံရာတွင် ကနဦးစတင်ဆောင်ရွက်သွားနိုင်ရန် ဟိန္ဒူ (၅၀၈)ဦးနှင့် စိစစ်ပြီး မူဆလင် (၇၅၀)ဦးတို့၏ အချက်အလက် အပြည့်အစုံကိုလည်း အစည်းအဝေးအပြီးတွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအတွင်းဝန်သို့ ပေးအပ်ခဲ့ပါသည်" ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်လာမည့်သူများကို ပြန်လည်လက်ခံရာတွင် တောင်ပြိုလက်ဝဲ စခန်း ၊ ငါးခူရ စခန်း နှင့် ကြားစခန်းအဖြစ် လှဖိုးခေါင်းစခန်းတို့ကို မြန်မာအစိုးရဘက်မှပြင်ဆင်ထားပြီးဖြစ်သည်။

ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် ဆောင်ရွက်နေစဉ်အတွင်း ARSA အဖွဲ့မှ အဟန့်အတားများ ပြုလုပ်လာနိုင်သဖြင့် နှစ်ဖက်ကြိုတင်ကာကွယ်မှုများ စီမံဆောင်ရွက်သွားကြရန်လည်း   နှစ်နိုင်ငံအကြား   ပြောဆိုဖြစ်ခဲ့သည်ဟု သိရသည်။

စခန်းတစ်ခုကို တစ်နေ့လျှင် လူဦးရေ ၁၅၀ ခန့် လက်ခံသွားမည်ဖြစ်ပြီး တစ်နေ့လျှင် စခန်းနှစ်ခုစာ လူဦးရေ ၃၀၀ ခန့်အထိ လက်ခံသွားမည်ဟု လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်   ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်က မဇ္ဈိမကို အစည်းအဝေးအပြီးတွင် အတည်ပြုပြောဆိုထားသည်။

ပြီးခဲ့သည့်နှစ် သြဂုတ်လကုန်ပိုင်း၌ ရခိုင်ပြည်နယ်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ စခန်းများ တိုက်ခိုက်ခံခဲ့ရမှု ဖြစ်ပွားခဲ့ပြီးနောက် အစိုးရမှ နယ်မြေရှင်းလင်းရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။ ယင်းဖြစ်စဉ်အတွင်း မြန်မာနိုင်ငံဘက်မှ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ လူအမြောက်အမြား ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ယင်း ထွက်ပြေးသွားသည့် ကိန်းဂဏန်းများနှင့် ပတ်သက်ပြီး မည်မျှရှိသည်ကို အစိုးရဘက်မှ သတင်းထုတ်ပြန်ထားခြင်း မရှိပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly