မြန်မာနိုင်ငံမှ တောဆင်ရိုင်းရုပ်ကြီး ကမ္ဘာ့အကြီးဆုံး စက္ကူရုပ်အဖြစ် ဂင်းနစ်စံချိန်ဝင်ဖွယ်ရှိဟုဆို

မြန်မာနိုင်ငံမှ တောဆင်ရိုင်းရုပ်ကြီး ကမ္ဘာ့အကြီးဆုံး စက္ကူရုပ်အဖြစ် ဂင်းနစ်စံချိန်ဝင်ဖွယ်ရှိဟုဆို

 

ရန်ကုန် ဇန်နဝါရီ ၁၆ ။           ။ ရန်ကုန် မြို့၊ မဟာဗန္ဓုလပန်းခြံတွင် ပြသထားသည့် တောဆင်ရိုင်းရုပ်ကြီးသည် ကမ္ဘာ့အကြီးဆုံးစက္ကူ ရုပ်အဖြစ် ဂင်းနစ်စံချိန်ဝင်အဖြစ် မကြာမီ ကြေညာဖွယ် ရှိသည်ဟု ဂရက်ဖစ်တီအနုပညာရှင် ကိုအာကာကျော်က ပြောသည်။

ယနေ့ ဇန်နဝါရီလ ၁၆ ရက်နေ့၊ နံနက်ပိုင်းက ရန် ကုန်မြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းထောင့်ရှိ Junction City Mall တွင် ပြုလုပ်ခဲ့သည့် မိုမိုတို့အတွက် ရင်တွင်း စကားသံ VOICES FOR MOMOS လှုပ် ရှားမှုအစီအစဉ် အပြီး ပြောကြားခဲ့သည်။

" အခုလက်ရှိ ဂင်းနစ်စံချိန်သွင်းထားတယ်၊ သူတို့ ဘက်ကလည်း ကျွန်တော်ကြားတာပေါ့နော်၊ မကြာ ခင် ကြေညာပေးမယ်လို့ ကြားထားတယ်၊ လက်ရှိ ကမ္ဘာမှာတော့ အကြီးဆုံးပဲ" ဟု ဂရက်ဖစ်တီ အနုပညာရှင် ကိုအာကာကျော်က ပြောသည်။

အဆိုပါ တောဆင်ရိုင်းရုပ်ကို ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလက ရန်ကုန်မြို့တော်ခန်းမရှေ့ တွင် ပြုလုပ်ခဲ့သည့် မိုမိုတို့အတွက် ရင်တွင်း စကားသံ VOICES FOR MOMOS လှုပ်ရှားမှုအစီအစဉ်တွင် အသုံးပြုခဲ့ပြီးနောက် ဆင်ရုပ် ကြီးကို တရားဝင်ဂင်းနစ်စံချိန်ဝင်နိုင်ရန် ဆောင်ရွက်ခဲ့သည်။

အဆိုပါဆင်ရုပ်ကြီးကို ဂရက်ဖစ်တီအနုပညာရှင် ကိုအာကာကျော်အဖွဲ့နှင့် ဝါးအရုပ်ရက်လုပ်ကျွမ်းကျင် ပညာရှင်ဦးမြင့်(ရုပ်လုံးကမ္ဘာ)တို့ ပူးပေါင်းဖန်တီးခဲ့ပြီး၊ အလျား ၂၁ ပေ၊ အနံ ၇ ပေ၊ အမြင့် ၂၁ ပေ အရွယ်အစားရှိသည်။ ပျှမ်းမျှအားဖြင့် ၇ ပေ မှ ၉ ပေကြား အမြင့်ရှိသည့် သက်ရှိဆင်ထီးတစ်ကောင်၏ အရွယ်အစားထက် ၃ ဆ ပို၍ ဖန်တီးပြုလုပ်ထားသည်။

" ကမ္ဘာမှာ ရှာလိုက်တော့ စက္ကူရုပ်နဲ့ လုပ်တဲ့ဆင် အကြီးကြီး မရှိဘူး၊ အဲဒီတော့ စက္ကူရုပ်နဲ့ဘဲ အားလုံး တိုင်ပင်ပြီး လုပ်ဖြစ်သွားတယ်၊ ဒီအရုပ်လုပ်တော့ အားလုံး တစ်ကယ်ပင်ပန်းကြတာပေါ့၊ အရုပ်က ကြီးတော့ အချိုးအစားကအစ အချိန်ယူစဉ်စား ဖန်တီးခဲ့ရတာ" ဟု ကိုအာကာကျော်က ပြောသည်။

လက်ရှိအနေအထားတွင် တောဆင်ရိုင်းရုပ်ကြီးကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ ပေးအပ် လွှဲပြောင်းထားပြီး၊ ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံ တွင် ထိန်းသိမ်းထားသည်။

ယခုလက်ရှိ ဂင်းတစ်စံချိန်တင်ထားသည့်စက္ကူရုပ် မှာ မက္ကဆီကိုတွင် ဖန်တီးထားသည့် မက္ကဆီကိုအနု ပညာရှင်နှင့် စောင်းကောက်ကို ပုံဖော်ထားပြီး၊ အလျား ၁၁ ပေကျော်၊ အနံ ၃ ပေကျော်၊ အမြင့် ၁၂ ပေ ကျော်သာရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly