YBSစနစ်တွင် ကတ်ဖြင့်ငွေပေးချေနိုင်ရေး ၂၀၁၈တွင် ဦးစားပေးဆောင်ရွက်မည်

YBSစနစ်တွင် ကတ်ဖြင့်ငွေပေးချေနိုင်ရေး ၂၀၁၈တွင် ဦးစားပေးဆောင်ရွက်မည်

 

ရန်ကုန်၊ ဇန်နဝါရီ ၁၆ရက် ။                ။  YBSစနစ်တွင် ဘဏ်ကတ်ဖြင့်ယာဉ်စီးခပေးချေနိုင်ရေးကို ၂၀၁၈တွင် အဓိကဦးစားပေးလုပ်ငန်းအဖြစ်ဆောင်ရွက်မည်ဟုရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ယနေ့ဇန်နဝါရီ၁၆ရက်နေ့ YBSစနစ်တစ်နှစ်ပြည့်အထိမ်းအမှတ်ပွဲတွင် ပြောကြားခဲ့သည်။

"၂၀၁၈ခုနှစ်မှာ ကျွန်တော်တို့ဘက်က ပြင်ဆင်နေတဲ့လုပ်ရက်ထဲမှာအဓိကအကျဆုံးလုပ်ရက်က ငွေပေးချေတဲ့စနစ်ကို ဘဏ်ကတ်နဲ့ငွေပေးချေနိုင်ဖို့ ကျွန်တော်တို့ကြိုးစားဆောင်ရွက်မှာဖြစ်ပါတယ် ကတ်စနစ်ကို ဆောင်ရွက်မှာဖြစ်ပါတယ် ။ကတ်စနစ်ဟာ ကတ်တိုင်းကတ်တိုင်း ဘတ်စ်ကားစီးလို့ ရနိုင်ရေးအတွက် ကျွန်တော်တို့ကြိုးပမ်းသွားမှာဖြစ်ပါတယ် ဒီအဆင့်ဟာနိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ထဲမှာ နောက်ဆုံးအဆင့်ဖြစ်ပါတယ်"ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။

နိုင်ငံတကာတွင် ကတ်စနစ်ဖြင့် ဘတ်စ်ကားယာဉ်စီးခပေးချေလေ့ရှိပြီး ရန်ကုန်ဘတ်စ်ကားစနစ်တွင်ပါရှိမည့်ကတ်စနစ်မှာ မြန်မာပြည်သူလူထုလက်လှမ်းမှီနိုင်မည့်အရာဖြစ်သည်ဟု ဦးဖြိုးမင်းသိန်းက ဆိုသည်။

"ကျွန်တော်တို့မှန်းထားတာကတော့ နှစ်လသုံးလအတွင်းမှာ ယာဉ်လိုင်းတချို့ကိုTestလုပ်(စမ်းသပ်တပ်ဆင်)ဖို့ဆိုပြီး စီစဉ်ထားတာရှိတယ်။ အဲဒီတော့ကျွန်တော်တို့YBSဘက်ကတော့ ဘယ်ယာဉ်လိုင်းတွေကို Testအနေနဲ့ Runသင့်သလဲဆိုတာကိုတော့ရွေးချယ်ပေးမယ်"ဟု YBS၏ စီအီးအို ဦးစောဘိုဘိုက ပြောသည်။

ကတ်စနစ်စမ်းသပ်တပ်ဆင်ရန်အတွက်ယာဉ်လိုင်းရွေးချယ်ရာတွင် ကတ်စနစ်အတွက်စနစ်တကျလုပ်ကိုင်ပေးနိုင်မည့်ယာဉ်လိုင်း၊ ကတ်စနစ်အသုံးပြုနိုင်မည့်ခရီးသည်၊ ကတ်စနစ်နည်းပညာကိုကိုင်တွယ်နိုင်မည့်ယာဉ်လိုင်း အစရှိသည့်အချက်များအပေါ်မူတည်၍ ရွေးချယ်သွားမည်ဟု ၎င်းကပြောသည်။

ကတ်စနစ်စမ်းသပ် တပ်ဆင်ပြေးဆွဲမည့်ကာလကို အချိန်တိုတစ်ခု သက်မှတ်ထားပြီး ယာဉ်လိုင်းအားလုံးအတွက်အမြန်ဆုံးအကောင်အထည်ဖော်သွားမည်ဟု ဦးစောဘိုဘိုက ဆိုသည်။

YBSအတွက် ကတ်စနစ်လုပ်ကိုင်မည့်ကုမ္ပဏီအဖြစ် Excel KC Myanmarကုမ္ပဏီကို ၂၀၁၈ ဇန်နဝါရီ၁၀ရက်နေ့တွင် ရန်ကုန်တိုင်းအစိုးရအဖွဲ့မှထုတ်ပြန်ခဲ့သည်။

၎င်းကုမ္ပဏီသည် ၂၀၁၇ခုနှစ် ဇူလိုင်လ ၈ရက်နေ့တွင်စတင်မှတ်ပုံတင်ခဲ့ပြီး ကတ်စနစ်လုပ်ကိုင်မည့်ကုမ္ပဏီများကို ၂၀၁၇ သြဂုတ်လ ၉ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ တင်ဒါစတင်ခေါ်ယူခဲ့သည်။

ကတ်ဖြင့်ယာဉ်စီးခပေးချေမှုစနစ် လုပ်ကိုင်မည့်ကုမ္ပဏီများကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၁၇ခုနှစ်၌ တင်ဒါခေါ်ယူခဲ့ပြီး အောက်တိုဘာလတွင် ကုမ္ပဏီ(၅၀)အားတင်ဒါပထမအဆင့်၊ ဒီဇင်ဘာလတွင် ကုမ္ပဏီ(၇)ခုအား တင်ဒါဒုတိယအဆင့်၊ ဒီဇင်ဘာလတွင် စကာတင်စာရင်းတွင် ကုမ္ပဏီ(၃)ခုတို့အား ရွေးချယ်ခဲ့သည်။

Excel KC Myanmarကုမ္ပဏီ၊ Anypay Payment Service ကုမ္ပဏီနှင့် Asiastarmar Transport Intelligent ကုမ္ပဏီတို့ကို စကာတင်အဖြစ်ရွေးချယ်ခဲ့သည်။

ထို့နောက် မြန်မာငွေ ၁၉ဘီလျံရင်းနှီးမြုပ်နှံနိုင်မည့်၊ Excel Myanmar Groupနှင့် ထိုင်ဝမ်တွင်၁၉၇၆ခုနှစ်ကတည်းက အီလက်ထရွန်းနစ်၊ နည်းပညာများဖြန့်ဖြူးရောင်းချနေသည့် နိုင်ငံတကာကုမ္ပဏီ ACERတို့ပူးပေါင်းထားသည့်၊ Excel KC Myanmarကုမ္ပဏီကို တင်ဒါအောင်သူအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly