ဘင်္ဂလားဒေ့ရှ်မှ နေရပ်ပြန် ဘင်္ဂါလီဒုက္ခသည်တွေကို တစ်ရက်လူ ၃၀၀နူန်းဖြင့် စတင်ခေါ်ယူမည်

ဘင်္ဂလားဒေ့ရှ်မှ နေရပ်ပြန် ဘင်္ဂါလီဒုက္ခသည်တွေကို တစ်ရက်လူ ၃၀၀နူန်းဖြင့် စတင်ခေါ်ယူမည်
ဓာတ်ပုံ-EPA

 

ရန်ကုန်၊ ဇန်နဝါရီ ၁၆ ။            ။ ရခိုင်ပြည်မြောက်ပိုင်း နယ်မြေမတည်ငြိမ်မှုများကြောင့် တစ်ဖက်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်နေရသည့် ဘင်္ဂလားဒေ့ရှ်မှနေရပ်ပြန် ဘင်္ဂါလီဒုက္ခသည်များကို ပထမအသုတ်တွင် တစ်ရက်လူ ၃၀၀ နူန်းဖြင့်စတင်ခေါ်ယူမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာကိုကိုနိုင်ကပြောသည်။

ဒုက္ခသည်သူများကို ပြန်လည်လက်ခံရေး အစီအစဉ်အသေးစိတ်ကို မြန်မာ - ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံမှ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အတွင်းဝန်များ၊ ညွှန်ချုပ်များ အချင်းချင်း ဇန်နဝါရီ ၁၅ ရက်တွင်ဆွေးနွေးခဲ့ပြီးနောက် ယင်းသို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

“ ငါးခူရနဲ့တောင်ပြိုလက်ဝဲမှာ နှစ်နေရာပေါ့ ။တစ်နေ့ကို ပထမဆုံး ၁၅၀ လောက် လက်ခံမယ်ပေါ့။ ၃၀၀ တော့ဖြစ်မှာပေါ့ Camp နှစ်ခုဆိုရင်။ နောက်ပြီးတော့မှ အခြေအနေပေါ်မှာကြည့်ပြီးတော့ တိုးမှာတွေဘာတွေလုပ်မှာပေါ့ “ ဟု ၎င်းကဆိုသည်။

ပထမ အသတ်အနေဖြင့် လူ သုံးသောင်းကို စခန်းနှစ်ခုခွဲလက်ခံကာ လှဖိုးခေါင်ကအိမ်များတွင်နေရာချမည်ဖြစ်ပြီး ဇန်နဝါရီလကုန်တွင် အလုံး ၁၀၀ အပြီးသတ်နိုင်မည်ဟု   နိုင်ငံပိုင်မီဒီယာများမှ   ရေးသားထားသည်။

နိုဝင်ဘာလအတွင်း နှစ်နိုင်ငံချုပ်ဆိုထားသည့် စာချုပ်အရ လာမည့်ဇန်နဝါရီ ၂၃ ရက်တွင်စတင်လက်ခံရမည်ဖြစ်သော်လည်း လက်ရှိအချိန်အထိ (ဇန်နဝါရီ ၁၆ ရက်) မြန်မာနိုင်ငံသို့ ပြန်လာရန်တင်ပြသည့် လျှောက်လွှာများကို ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်ပေးပို့လာခြင်းမရှိသေးကြောင်း ဒေါက်တာကိုကိုနိုင်ကဆက်ပြောသည်။

“ နိုင်ငံခြားရေးရုံးကနေပြီးပို့လိမ့်မယ်။ အခုထိတော့ မပို့သေးဘူး” ဟု ၄င်ကဆိုသည်။

ယမန်နေ့ (ဇန်နဝါရီ ၁၅ ရက်) က ဘင်္ဂလားဒေရှ့် နိုင်ငံဘက်မှ နိုင်ငံခြားရေး ဝန်ကြီးဌာန ထိပ်တန်း တာဝန်ရှိသူတစ်ဦးဖြစ်သည့် Shahidul Haque ကဦးဆောင် သည့်အဖွဲ့ဝင် ၁၄ ဦးပါ ကိုယ်စားလှယ် အဖွဲ့မှ နေရပ်ပြန်ပို့ရေးကိစ္စအသေးစိတ်ကို နေပြည်တော်သို့လာရောက်ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်ဘက်မှ ဘင်္ဂါလီ ၆ သိန်းခန့်ကိုပြန်ပို့မည်ဟုပြောဆိုခဲ့သော်လည်း မြန်မာဘက်မှ ပြန်လည်စီစစ်ရဦးမည်ဖြစ်ပြီး နေရပ်ပြန်ရန် အမှန်တကယ်ဆန္ဒရှိသူများကိုသာလက်ခံသွားမည်ဟု သိရသည်။

ဇန်နဝါရီ နောက်ဆုံးအပတ်တွင် ဒုက္ခသည်များ ပြန်ဝင်လာမည့် အချိန်ကိုက်ပင် ရခိုင်ပြည်နယ်အတွင်း တပြန်ကျော့ပြန် တိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်တော့မည်ဟု ARSA အဖွဲ့ ကလည်း ဇန်နဝါရီလ ၇ ရက်တွင် ကြေညာချက် ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly