ဘဏ္ဍာနှစ်အပြောင်းအလဲ ၆လအတွက် ကာကွယ်ရေးအသုံးစရိတ် ဘီလီယံ ၁၃၀၀ကျော် တောင်းခံ

ဘဏ္ဍာနှစ်အပြောင်းအလဲ ၆လအတွက် ကာကွယ်ရေးအသုံးစရိတ် ဘီလီယံ ၁၃၀၀ကျော် တောင်းခံ
(၇၂)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇန်နဝါရီ ၁၆ရက်၊ ၂၀၁၇ခုနှစ်)။ ။ ဘဏ္ဍာရေးနှစ် အပြောင်းအလဲကာလဖြစ်သည့် လာမည့် ဧပြီလမှ စက်တင်ဘာအထိ ၆လ ဘတ်ဂျက်အတွက် ကျပ်ဘီလီယံပေါင်း ၁,၃၀၀ကျော် သုံးစွဲခွင့်ပြုရန် ကာကွယ်ရေးဝန်ကြီးဌာနက လွှတ်တော်သို့ တင်ပြတောင်းခံလိုက်သည်။

အဆိုပါ ၆လတာကာလအတွင်း ကာကွယ်ရေးဝန်ကြီးဌာနက ၁၃၃၄ဒဿမ ၁၉၄ ဘီလီယံ သုံးစွဲရန် လျာထားပြီး ရငွေစုစုပေါင်းမှာ ၃၁ဒဿမ ၇၆၁ဘီလီယံ ရရှိမည်ဟု ခန့်မှန်းထားသည်။

သာမန်အသုံးစရိတ်အဖြစ် ၇၂၃ဒဿမ ၁၀၇ဘီလီယံနှင့် ငွေလုံးငွေရင်းအသုံးစရိတ်အဖြစ် ၆၁၁ဒဿမ ၀၈၇ဘီလီယံ စုစုပေါင်း ၁၃၃၄ဒဿမ ၁၉၄ ဘီလီယံ သုံးစွဲသွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ဇန်နဝါရီ ၁၆ရက်က ပြည်ထောင်စုလွှတ်တော်သို့ လာရောက်ရှင်းပြခဲ့သည်။

သာမန်အသုံးစရိတ်ခေါင်းစဉ်အောက်တွင် လစာနှင့်စရိတ်များ၊ ပစ္စည်းများ၊ ပို့ဆောင်ရေး၊ အင်ဂျင်နီယာ၊ အထွေထွေ၊ စစ်ဆင်ရေး၊ စက်ရုံများ စသည့် အသုံးစရိတ်များ ပါဝင်သည်။

လစာနှင့်စရိတ်များအတွက် ၃၇၁ဒဿမ ၁၃၉ဘီလီယံအဖြစ် အများဆုံး တောင်းခံထားပြီး စစ်ဆင်ရေးစရိတ်အတွက် ၂ဒဿမ ၁၀၇ဘီလီယံအဖြစ် အနည်းဆုံး တောင်းခံထားသည်။

ငွေလုံးငွေရင်းအသုံးစရိတ် ခေါင်းစဉ်အောက်တွင်မူ စက်ပစ္စည်း အသုံးစရိတ်အဖြစ် ၅၀၅ဒဿမ ၁၄၈ဘီလီယံနှင့် ဆောက်လုပ်ရေးအသုံးစရိတ်အဖြစ် ၁၀၅ဒဿမ ၅၃၉ ဘီလီယံ သုံးစွဲရန်လျာထားကြောင်း ဗိုလ်ချုပ်မြင့်နွယ်က လွှတ်တော်တွင် ပြောသည်။

ယခု သုံးစွဲရန် လျာထားသည့် ၆လတာအတွက် အသုံးစရိတ်များမှာ ၂၀၁၇-၂၀၁၈ခုနှစ် ဘဏ္ဍာရေးနှစ် ပထမ ၆လပတ်ကာလထက် လျော့နည်းတောင်းခံထားပါကြောင်း ဗိုလ်ချုပ်မြင့်နွယ်က လွှတ်တော်သို့ တင်ပြခဲ့သေးသည်။

လာမည့် ဧပြီလမှ စက်တင်ဘာအထိ ၆လအတွင်း ဘတ်ဂျက်အဖြစ် ကျပ်ဘီလီယံပေါင်း တစ်သောင်းကျော် သုံးစွဲရန် ပြည်ထောင်စုအစိုးရက လွှတ်တော်သို့ တင်ပြတောင်းခံထားသည်။

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက အစိုးရအသုံးစရိတ်စုစုပေါင်း၏ ၂၇ဒဿမ ၂၉ရာခိုင်နှုန်းဖြစ်သော ကျပ် ၂,၉၁၃ ဘီလီယံကျော်ကို အများဆုံး တောင်းခံထားပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ဒုတိယအများဆုံးအဖြစ် ကျပ် ၂,၃၄၃ ဘီလီယံကျော် တောင်းခံထားသည်ကို တွေ့ရသည်။

ကာကွယ်ရေးဝန်ကြီးဌာနက တတိယအများဆုံးအဖြစ် အသုံးစရိတ် ကျပ်ဘီလီယံပေါင်း ၁,၃၀၀ကျော်ဖြစ်ပြီး စုစုပေါင်းအသုံးစရိတ်၏ ၁၂ရာခိုင်နှုန်းခန့် ရှိသည်။

အစိုးရအဖွဲ့က တင်ပြထားသော အရအသုံး ငွေစာရင်းများကို စိစစ်နိုင်ရန် လွှတ်တော်နှစ်ရပ်မှ ကိုယ်စားလှယ်များပါဝင်သည့် ပူးပေါင်းအဖွဲ့ ၁၇ဖွဲ့ကို ဖွဲ့စည်းထားသည်ဟု လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ယမန်နေ့ လွှတ်တော်အစည်းအဝေးတွင် ပြောဆိုထားသည်။

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly