အဓမ္မပြုကျင့်ခံရပြီးရင် ကိုယ်ဝန်ရမသွားအောင် ဘယ်လိုလုပ်မလဲ

အဓမ္မပြုကျင့်ခံရပြီးရင် ကိုယ်ဝန်ရမသွားအောင် ဘယ်လိုလုပ်မလဲ

ရေးသားသူ Dr. Phio Thiha

အဓမ္မပြုကျင့်မှုတွေနဲ့ ပတ်သက်ပြီး ကာကွယ်ဖို့ (Prevention) နဲ့၊ ဖြစ်လာခဲ့ရင် တုန့်ပြန်ဆောင်ရွက်ဖို့ (Response) ဆိုတဲ့ အပိုင်း၂ပိုင်းရှိပါတယ်၊၊ ကာကွယ်ဖို့ဟာ လတ်တလောအနေအထားအရ ခက်ခဲနေသေးတဲ့အချိန်မှာ ဖြစ်လာခဲ့ရင် ကိုယ်ဝန်ရတာလို၊ ရောဂါပိုးတွေကူးစက်တာလို နောက်ဆက်တွဲပြဿနာတွေ ဖြစ်မလာအောင်တော့ တုံ့ပြန်ဆောင်ရွက်လို့ ရနိုင်ပါတယ်၊၊

အဓမ္မပြုကျင့်ခံရသူတစ်ယောက်မှာ ဘာလိုအပ်ချက်တွေ ရှိနေသလဲ စဉ်းစားကြည့်ရအောင်။

ကျန်းမာရေးစောင့်ရှောက်မှု၊ စိတ်ပိုင်းဆိုင်ရာ၊ လူမှုရေးပိုင်းဆိုင်ရာ အားပေးကူညီမှုများ၊ တရားဥပဒေအကာအကွယ်နဲ့ လုံခြုံရေးလိုအပ်ချက်တွေ ရှိနေနိုင်ပါတယ်၊၊ ဒါတွေကို တစ်ဦးတစ်ယောက်၊ အဖွဲ့အစည်းတစ်ခုတည်းက မဆောင်ရွက်နိုင်ပါဘူး၊၊ အားလုံးပူးပေါင်းဆောင်ရွက်မှ ရမှာပါ၊၊

ဒီထဲကမှ အရေးကြီးဆုံးလည်းဖြစ်၊ ဘယ်သူ့အကူအညီမှလည်း မလိုတဲ့အပြင် အင်မတန်မှလည်း အကျိုးများနိုင်တာတစ်ခုကို ပြောပါမယ်၊၊ အဲဒါကတော့ “အရေးပေါ်ကိုယ်ဝန်တားဆေး” သောက်ဖို့ပါပဲ၊၊ အဲဒီဆေးကတ်မှာ ဆေး၂လုံးပါပါတယ်၊ ၂လုံးစလုံးကို တစ်ပြိုင်နက်တည်း သောက်ရမှာဖြစ်ပြီး ၂နာရီအတွင်း အန်ထွက်ခဲ့ရင် ထပ်သောက်ဖို့ လိုပါမယ်၊၊ (ခုနောက်ပိုင်းမှာ တစ်လုံးတည်းပါတဲ့ ဆေးကဒ်တွေလည်း ပေါ်နေပါပြီ၊ အဲဒီဆေးကတ်တွေဆိုရင်တော့ တစ်လုံးတည်းကိုပဲ သောက်ချလိုက်ရုံပါပဲ)

အဓမ္မပြုကျင့်ခံရအပြီး ၅ရက် (နာရီ ၁၂၀) အတွင်း သောက်ရမှာပါ၊ စောစောသောက်လေ အာနိသင်ပိုကောင်းလေပါပဲ၊၊ ဘေးထွက်ဆိုးကျိုးအနေနဲ့တော့ ဆေးသောက်စမှာ သွေးနည်းနည်းဆင်းတာ၊ ရာသီပုံမှန်ပေါ်ရမယ့်ရက်ထက် နောက်ဆုတ်သွားတာ၊ ရင်သားတွေတင်းပြီး နာတာမျိုး ရှိတတ်ပါတယ်၊၊ ဘယ်လိုအမျိုးသမီးမဆို အသုံးပြုလို့ ရပါတယ်။ ဒီဆေးသောက်လို့ တခုခုထိခိုက်သွားတာ၊ နောက်ပိုင်း ကိုယ်ဝန်မရတော့တာတွေလည်း မဖြစ်ပါဘူး။ နောက်ပြီး အကယ်၍များ အဓမ္မပြုကျင့်ခံရသူဟာ အိမ်ထောင်သည်ဖြစ်နေလို့ နဂိုကတည်းက ကိုယ်ဝန်ရှိနေခဲ့ရင်လည်း ထိခိုက်မလား စိတ်ပူစရာ မလိုပါဘူး။ မရသေးတဲ့ ကိုယ်ဝန်ကိုသာ တားပေးတာဖြစ်ပြီး ရပြီးသားကိုယ်ဝန်ကိုတော့ ဘာပြဿနာမှ မပေးပါဘူး။ အကာအကွယ်မဲ့ လိင်ဆက်ဆံပြီးတဲ့ အမျိုးသမီးအယောက်တစ်ရာမှာ ဒီဆေးကို မသောက်ရင် ကိုယ်ဝန်ရတဲ့သူအရေအတွက်က (၈)ယောက်ရှိပါတယ်။ ဒီဆေးကိုသောက်လိုက်ရင်တော့ အယောက်တစ်ရာမှာ (၁)ယောက်သာ ကိုယ်ဝန်ရနိုင်ပါတယ်။ ဒါကြောင့် ဒီဆေးရဲ့ ထိရောက်မှုက ၈၇% ရှိတယ်လို့ ဆိုကြပါတယ်။

နောက်ထပ်သိစေချင်တာက လတ်တလော အတွေ့ရများနေတဲ့ သက်ငယ်မုဒိမ်းမှုတွေမှာရော အပျိုမဖြစ်သေးတဲ့ ကလေးတွေအနေနဲ့ ဒီလို အရေးပေါ်ကိုယ်ဝန်ဆေးသောက်ဖို့ လိုသလား ဆိုတာပါပဲ။
မိန်းကလေးတစ်ယောက် ရာသီသွေးစလာပြီဆိုရင် အပျိုဖြစ်ပြီလို့ သတ်မှတ်ကြပါတယ်၊၊ မပေါ်သေးရင်တော့ မဖြစ်သေးဘူးပေါ့၊၊ ဒါဆို ဒီဆေးသောက်ဖို့ ဘယ်လိုမလဲ ထင်တတ်ကြတယ်၊၊ အမှန်တော့ မဟုတ်ပါဘူး၊ ဆေးသောက်ဖို့ လိုပါတယ်၊၊

ရှင်းပြပါမယ်၊၊ မိန်းကလေးတစ်ယောက် အပျိုဖြစ်ပြီဆို သူ့ခန္ဓာကိုယ်ထဲမှာ မမျိုးဥ စပြီးကြွေပါတယ်၊၊ အဲဒီကြွေလိုက်တဲ့ မမျိုးဥက ယောကျာ်းဆီက သုက်ပိုးနဲ့ပေါင်းလိုက်ရင် သန္ဓေအောင်သွားပြီး ကိုယ်ဝန်ရပါတယ်၊၊ အဲဒီလို သန္ဓေအောင်သွားခဲ့ရင် သန္ဓေတည်ဖို့ အဆင်သင့်ဖြစ်နေအောင် ဆိုပြီး သားအိမ်နံရံက ထူထားပေးရပါတယ်၊၊

အကယ်၍များ လိင်ဆက်ဆံမှု မရှိလို့ သုက်ပိုးက ဝင်မလာဘူးဆိုရင်တော့ အဲဒီမမျိုးဥလေးက သေသွားပါတယ်၊၊ သူသေသွားပြီဆိုတာနဲ့ ခုနက သန္ဓေတည်ရင် အဆင်သင့်ဖြစ်နေအောင် ထူထားပေးတဲ့ သားအိမ်နံရံတွေကလည်း မလိုအပ်တော့တဲ့အတွက် ကွာကျလာပါတယ်၊၊ အဲဒါကို ရာသီလာတယ် ခေါ်တာပါ၊၊

အပြင်မှာ သွေးဆင်းလာတာကို လူက သတိမထားမိခင် ခန္ဓာကိုယ်ထဲမှာ မမျိုးဥက အရင်ကြွေတာပါ၊၊ သူကြွေပြီးသေသွားမှ ရာသီသွေးစပေါ်တာ၊ ဒီတော့မှ မိန်းကလေးက ငါအပျိုဖြစ်ပြီဆိုပြီး သိတာပေါ့၊၊ အထဲမှာ မမျိုးဥကြွေနေတာ သူမသိပါဘူး၊၊

ဒီတော့ ဆိုပါစို့၊ မိန်းကလေးတစ်ယောက်ဟာ ဒီလမှာ အပျိုစဖြစ်မယ်၊ သူ့ခန္ဓာကိုယ်ထဲမှာ မမျိုးဥကြွေနေပြီ၊ လိင်ဆက်ဆံမှုသာ မရှိရင် ဒီလမှာ သူသွေးစပေါ်မယ်၊၊ အပြင်ပန်းကကြည့်ရင်တော့ သူ အပျိုမဖြစ်သေးဘူး၊ ကလေးပဲရှိသေးတယ်၊၊

ကံဆိုးစွာနဲ့ အဲဒီလို ပထမဆုံးမမျိုးဥကြွေချိန်မှာပဲ အဓမ္မကျင့်ခံလိုက်ရမယ်ဆိုရင် ရာသီမပေါ်ဖူးသေးဘဲနဲ့ တစ်ခါတည်း ကိုယ်ဝန်ရသွားနိုင်ပါတယ်၊၊ ဒါကြောင့် မိန်းကလေးက သွေးမပေါ်သေးဘူး၊ အပျိုမဖြစ်သေးဘူးဆိုတိုင်း ပေါ့လို့မရပါဘူး၊၊ ကံဆိုးစွာနဲ့ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်သွားခဲ့ရင် အန္တရယ်ကြီးပါတယ်၊၊ နောက်ဆက်တွဲပြဿနာ များပါတယ်၊၊ အဲဒီအတွက် ဘေးထွက်ဆိုးကျိုးနည်းပြီး သုံးရလည်းလွယ်တဲ့ ဒီဆေးကို သတိကြီးကြီးနဲ့ တိုက်လိုက်တာ မမှားပါဘူး၊၊

သိပ်ငယ်တဲ့အရွယ်ဆို မလိုအပ်ပေမယ့် အသက် (၁၀) နှစ်ကစပြီး တိုက်ဖို့ လိုပါလိမ့်မယ်၊၊

ဒီနေရာမှာ ပြဿနာကြီးကြီးမားမား ပေးလာတာက အဓမ္မပြုကျင့်ခံရမှန်း နာရီ ၁၂၀ အတွင်း သိအောင် ဘယ်လိုလုပ်မလဲ ဆိုတာပါပဲ။ အမျိုးသမီးတစ်ယောက်အနေနဲ့ ကိုယ်ဒီလိုကြုံတွေ့ခဲ့တာကို ထုတ်ဖော်ပြောဖို့ရာ သိပ်ခက်ပါတယ်။ ရှက်နေ၊ ကြောက်နေမယ်။ လူကဲ့ရဲ့ခံရမှာစိုးမယ်။ ပိုဆိုးတာက ဒီလိုပြုကျင့်ခံရမှုရဲ့ နောက်ဆက်တွဲပြဿနာအနေနဲ့ ကိုယ်ဝန်ရတတ်ပါလား ဆိုတာကိုတောင် သိမနေကြတာပဲ။ ဒါက အစဉ်အလာသတ်မှတ်ချက်တွေအရ မိန်းကလေးဆိုတာ ဒါတွေ နားမထောင်ရဘူးဆိုပြီး ရှက်အောင်ကြောက်အောင် သွန်သင်ခဲ့ကြတာကိုး။ နောက်တစ်ခုကတော့ ကလေး၊ ကလေးကျတော့လည်း ဒီလိုတွေ ဆက်ဖြစ်နိုင်ပါလား ဘယ်သိမလဲ။ အဲ့ဒီအပြင် ပြုကျင့်သူက သတ်မယ်ဖြတ်မယ် ခြိမ်းခြောက်လိုက်တာလည်း ရှိလိမ့်ဦးမယ်။ ဒီတော့ ကြိတ်ခံစားမယ်။ အစားအသောက်ပျက်တာ၊ ညဘက် အိပ်မပျော်တာ၊ အိပ်မက်ဆိုးမက်တာ၊ ကြမ်းကြမ်းတမ်းတမ်းတွေ ဆော့ကစားလာတာ ဒါတွေတွေ့ရမှ မိဘက သံသယဝင်မိမယ်။ ဒါကြောင့်မို့ နောက်ဆက်တွဲအနေနဲ့ ကိုယ်ဝန်ရမသွားဖို့အတွက် ဒီဆေးကို အချိန်မီတိုက်နိုင်ဖို့ဆိုရင် သူတို့ဆီက မြန်မြန်ဆန်ဆန် ဖွင့်ဟပြောကြားလာဖို့ သိပ်အရေးကြီးတယ်။ ဒီအတွက် စောစောကတည်းက မိန်းကလေးတွေကို မျိုးဆက်ပွားကျန်းမာရေးအသိပညာ ပေးထားဖို့၊ ကလေးနဲ့မိဘကြားမှာ ရင်းနှီးတဲ့ ဆက်ဆံရေးရှိဖို့ လိုအပ်ပါတယ်။

အနှစ်ပြန်ချုပ်ရရင်တော့ အဓမ္မပြုကျင့်ခံရမှုကနေ ကိုယ်ဝန်ရမသွားဖို့အတွက် အရေးပေါ်ကိုယ်ဝန်တားဆေးကို နာရီ ၁၂၀ အတွင်း သောက်ရပါမယ်၊၊ မိန်းကလေးတွေကိုယ်တိုင်မှာ ဒီအသိ ရှိထားဖို့ လိုပါတယ်၊၊ ကလေးတွေကိစ္စမှာတော့ ဒီလိုကိစ္စ ဖြစ်သွားကြောင်း ၅ရက်အတွင်းသိဖို့ဟာ အင်မတန်အရေးကြီးတာမို့ ကလေးကို တခုခုဖြစ်တာနဲ့ မိဘကို၊ အုပ်ထိန်းသူကို ဖွင့်ပြောအောင် သေသေချာချာ မှာထားဖို့ လိုပါမယ်၊၊

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly