PNLO ဥက္ကဋ္ဌသစ်အဖြစ် ဗိုလ်မှူးကြီး ခွန်သူရိန်ကို ရွေးချယ် တင်မြောက်

PNLO ဥက္ကဋ္ဌသစ်အဖြစ် ဗိုလ်မှူးကြီး ခွန်သူရိန်ကို ရွေးချယ် တင်မြောက်

 

 

ဇန်နဝါရီလ ၁၆ ရက်၊ ၂၀၁၈ ခုနှစ်။ ချင်းမိုင်(မဇ္ဈိိမ)။                         ။ ပအိုဝ်းအမျိုသားလွတ်မြောက်ရေးအဖွဲ့ (PNLO) ဥက္ကဋ္ဌသစ်အဖြစ် ဗိုလ်မှူးကြီး ခွန်သူရိန် ဒုတိယအကြိမ် ညီလာခံအပြီး ရွေးကောက်တင်မြောက်ခဲ့သည်ဟု သိရသည်။

PNLO ဒုတိယ ဥက္ကဋ္ဌ နှင့် စစ်ဦးချုပ် တာဝန်ယူနေသော ဗိုလ်မှူးကြီး ခွန်သူရိန်ကို အဖွဲ့ချုပ်၏ ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြောက်ခဲ့ခြင်း ဖြစ်သည်။ 

“ကျနော်တို့ အဖွဲ့ဝင်နဲ့သက်ဆိုင်ရာဒေသက လူထုကိုယ်စာလှယ်တွေ လျို့ဝှက်မဲပေးစနစ်နဲ့ ရွေးချယ်ခဲ့တယ်။ ယခင်က မူဝါဒအတိုင်း ဆက်သွားမှာပါ။ ကျနော်တို့ ငြိမ်းချမ်းရေးနဲ့ပတ်သက်လို့ ပိုပြီးလုပ်နိုင်မယ်”ဟု PNLO ၏ တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ခွန်ထွန်းတင်က မဇ္ဈိမကို ပြောသည်။

၃ နှစ်တကြိမ် ကျင်းပသော PNLO ၏ ဒုတိယအကြိမ် ညီလာခံကို ဗဟိုဌာနချုပ် (ကဒူးကြီးဒေသ)တွင် ဇန်နဝါရီလ ၁၁ ရက်မှ ၁၄ ရက်ထိ လေးရက်ကြား ကျင်းပခဲ့ပြီး ထိုညီလာခံမှ အဖွဲ့၏ ဥက္ကဌ နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၇ ဦးကို အတည်ပြု ရွေးချယ်တင်မြောက်ခဲ့သည်ဟု ခွန်ထွန်းတင်က ပြောသည်။

ဒုဥက္ကဋ္ဌ ဖြားခွန်မြင့်ထွန်း၊ အထွေထွေအတွင်းရေးမှူး ဒုတိယ ဗိုလ်မှူးကြီး ခွန်အောင်မန်း၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး(၁) ခွန်ထွန်းတင်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး(၂) ဗိုလ်မှူး ခွန်သောမတ်(စ်)တို့ အပါအဝင် ဗဟိုအလုပ်အမှုဆောင် ၇ ဦးနှင့် ဗဟိုကော်မတီဝင် ၁၇ ဦးတု့ိကို ရွေးကောက်တင်မြှောက်ခဲ့ခြင်း ဖြစ်သည်။

PNLO ၏ မူဝါဒ၊ လမ်းစဉ်၊ လုပ်ငန်းစဉ်များကို တည့်မတ်ထိန်းကြောင်းပေးရန် ဦးဆောင် နာယကကိုမူ ယခင်တာ ဝန်ယူထားသည့် ဗိုလ်မှူးကြီး ခွန်ဥက္ကာကိုသာ ဆက်လက် တာယန်ပေးအပ်ခဲ့သည်ဟု ခွန်ထွန်းတင်က ပြောသည်။

ညီလာခံတွင် ပထမအကြိမ် ညီလာခံမှ ဗဟိုကော်မတီမှ နိုင်ငံရေး အစီရင်ခံစာနှင့် ဘာဏ္ဍာရေး အစီရင်ခံစာများ အပါအဝင် လုပ်ငန်း အစီရင်ခံစာများနှင့် အဖွဲ့ချုပ်၏ မူ၊ ဝါဒ၊ လမ်းစဉ်နှင့် လုပ်ငန်းစဉ်များကို၊ အဖွဲ့ချုပ်၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် နည်းဥပဒေများကို ပြင်ဆင်ဖြည့်စွက် အတည်ပြုခဲ့ကြသည်ဟု သိရသည်။

PNLO ၏ ဖွဲ့စည်းပုံအရ စုဖွဲ့မှုကို ယခင်က ဗဟိုကော်မတီဝင် ၁၅ ဦးထားရာမှ လူ ၂ ဦး ထပ်တိုးမြှင့်၍ ၁၇ ဦးဖြင့် တိုးမြှင့် ပြောင်းလဲဖွဲ့စည်းခဲ့သလို၊ ၃ နှစ်တစ်ကြိမ် ပြုလုပ်သော ညီလာခံကိုလည်း ယခု ၄ နှစ် တစ်ကြိမ် ကျင်းပရန် ပြောင်းလဲ ပြဌာန်းလိုက်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly