အောင်သူမှာ ထိုင်းလိဂ်သို့လာကစားသည့် အာဆီယံကစားသမားများထဲတွင် အကောင်းဆုံးဖြစ်နိုင်သည်ဟု Police Tero အသင်းမန်နေဂျာ ပြော

အောင်သူမှာ ထိုင်းလိဂ်သို့လာကစားသည့် အာဆီယံကစားသမားများထဲတွင် အကောင်းဆုံးဖြစ်နိုင်သည်ဟု Police Tero အသင်းမန်နေဂျာ ပြော

ဇန်နဝါရီ ၁၆ ။                 ။ Police Tero အသင်းမန်နေဂျာ Thanya Wongnak က မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးအောင်သူမှာ ထိုင်းလိဂ်သို့လာရောက်ကစားသည့် အာဆီယံကစားသမားများထဲတွင် အကောင်းဆုံးဖြစ်နိုင်သည်ဟု ပြောဆိုလိုက်သည်။

အောင်သူသည် Police Tero အသင်းအတွက် ပထမဆုံးပွဲထွက်ကစားသည့် ဘန်ကောက်အက်ဖ်စီအသင်းနှင့်ခြေစမ်းပွဲတွင် ခြေစွမ်းပြကာ ၂ ဂိုးသွင်းယူနိုင်ခဲ့သည်။

“အောင်သူက ကျွန်တော်တို့မျှော်လင့်ထားတာထက်ပိုပြီး ကောင်းပါတယ်။ အခုက ခြေစမ်းပွဲပဲရှိသေးလို့ ပုံမှန်အခြေအနေတော့ မဟုတ်သေးပါဘူး။ အောင်သူကလည်း ကြံ့ခိုင်မှုအပြည့်မရသေးပါဘူး။ ဒီပွဲမှာ ကျွန်တော်တို့ကို အံ့အားသင့်စေခဲ့တာကတော့ ပြင်သစ်တိုက်စစ်မှူးအန်ဒရီပါပဲ။ အန်ဒရီဟာ ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့အသင်းရဲ့အကောင်းဆုံးကစားသမားတစ်ဦးပါ။ ပုံမှန်ဆိုသူက ကိုယ်တိုင် ဘောလုံးကိုင်ပြီး ကစားဖို့ပဲ ကြိုးစားပါတယ်။ ဒါပေမဲ့ ဒီပွဲမှာတော့အန်ဒရီဟာ အောင်သူနဲ့တွဲဖက်ပြီး အကောင်းဆုံးကစားခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့နားလည်မှုက တကယ်ကိုကောင်းပါတယ်” ဟု Thanya Wongnak ကဆိုသည်။

ဒါ့အပြင် ၎င်းက အောင်သူ့အနေဖြင့် ပုံမှန်ပွဲထွက်ခွင့်ရနိုင်သည်ဟု ဆိုသည်။ “အောင်သူက ကွင်းလယ်တိုက်စစ်နေရာကနေလည်း ကစားနိုင်ပါတယ်။ ကျွန်တော်တို့အသင်းမှာ အဲ့ဒီနေရာက လိုအပ်နေတဲ့ နေရာပါ။ ဒါကြောင့် အောင်သူ့အနေနဲ့ ထိုင်းလိဂ်ကိုလာကစားတဲ့ အာဆီယံကစားသမားတွေအားလုံးထက် ပုံမှန်ပွဲထွက်ခွင့်ပိုရတဲ့သူ ဖြစ်လာနိုင်ပါတယ်။ ဥပမာအနေနဲ့ပြောရရင် ကျော်ကိုကို ကိုပဲကြည့်ပါ။ သူက မြန်မာပြည်မှာ အရမ်းနာမည်ကြီးပါတယ်။ ဒါပေမဲ့ ချင်းရွိုင်အသင်းမှာ သူကစားတဲ့နေရာက အထောင်တိုက်စစ်မှူးပါ။ ချင်းရွိုင်အသင်းမှာက တိုက်စစ်မှူးနေရာအတွက် အရမ်းပြိုင်ဆိုင်မှု ပြင်းထန်ပါတယ်” ဟု Thanya Wongnak က ဆိုခဲ့သည်။

Police Tero အသင်းသည် လာမည့် ဇန်နဝါရီလ ၁၈ ရက်နှင့် ၁၉ ရက်နေ့များတွင် ခြေစမ်းပွဲများ ထပ်မံယှဉ်ပြိုင်ဦးမည် ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly