အကြမ်းဖက်သမားများကို ဘင်္ဂလားဒေ့ရ်ှအစိုးရမှဖမ်းဆီးပေးရန် ANP ပါတီတောင်းဆို

အကြမ်းဖက်သမားများကို ဘင်္ဂလားဒေ့ရ်ှအစိုးရမှဖမ်းဆီးပေးရန် ANP ပါတီတောင်းဆို
စစ်တွေမြို့ရှိ  ANP ဌာနချုပ်အား ဇန်နဝါရီလ ၁၀ ရက် မနက်ပိုင်းက တွေ့မြင်ရစဉ်။ ဓာတ်ပုံ-အေးချမ်းခိုင်

 

ရန်ကုန်၊ ဇန်နဝါရီ ၁၆ ။         ။ တစ်ဖက်နိုင်ငံသို့ထွက်ပြေးတိမ်းရှောင်သွားကြသူများတွင်ပါဝင်သည့် အကြမ်းဖက်သမား ၄၀၀၀ ကျော်ကို ဘင်္ဂလားဒေ့ရ်ှအစိုးရမှဖမ်းဆီးပြီး မြန်မာနိုင်ငံသို့ ပြန်လွဲပေးရန် ရခိုင်အမျိုးသားပါတီ( ANP) မှ ထုတ်ပြန်တောင်းဆိုလိုက်သည်။

အကြမ်းဖက်မှုများကျူးလွန်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ထွက်ပြေးတိမ်းရှောင်သွားသည့် ဦးရေ ၄၀၀၀ ကျော်မှာ အစိုးရ၏ထုတ်ပြန်ချက်ကို ကိုးကား၍ ပြောဆိုခြင်းဖြစ်ကြောင်း ANP ပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်ကဆိုသည်။

“ အကြမ်းဖက်တိုက်ခိုက် တဲ့အထဲမှာပါဝင်တဲ့လူ ၄၀၀၀ ရောက်နေတယ်ဆိုတာကတော့ အင်မတန်ဖြစ်နိုင်ခြေရှိတဲ့အတွက် သတင်းထုတ်ပြန်ချက်မှာ ထည့်တာပါ “ ဟု ၎င်းကပြောသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း  မောင်တောဒေသ တိုက်ခိုက်မှုဖြစ်စဉ်အတွင်း အကြမ်းဖက်သမား ၂၀၀၀ ကျော်ကို ဖော်ထုတ်နိုင်ခဲ့ပြီး ယင်းသို့ဖော်ထုတ်နိုင်ခဲ့ သည့် အကြမ်းဖက်သမားများသည် ဘင်္ဂါလားဒေ့ရှ် နိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်သွားသည်ဟုတပ်မတော်ကာ ကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုဝင်ဘာ ၆ရက် အင်ဒိုနီးရှား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် General Gatot Nurmantyo နှင့်တွေ့ဆုံစဉ်ပြောကြားထားသည်။

ယင်းအပြင် မြန်မာနိုင်ငံဘက်မှ အကြမ်းဖက်သမားများ၏ စာရင်းကို ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်သို့ ပေးပို့ထားပြီး ဖြစ်သည်ဟု ဘင်္ဂလားဒေ့ရှ် ပြည်ထဲရေး ဝန်ကြီးက ပြောဆိုခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် အခြေစိုက်သတင်းဌာနများတွင် ရေးသား ဖော်ပြထားသည်။

ထို့ကြောင့် နေရပ်ပြန် ဘင်္ဂါလီများကို မူလနေရာများတွင် ပြန်လည်နေရာချထားပေးမည်ဆိုပါက ဒေသခံတိုင်းရင်းသားများ၏ လုံခြုံရေးကိုလည်း ဂရုပြုရန်လိုသည်ဟု ANP ပါတီ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်ကပြောသည်။

ပင်လယ်ကမ်းခြေဒေသတစ်ခုဖြစ်သောမောင်တောမြို့နယ် တောင်ဘက်ပိုင်းသည်  အကြမ်းဖက်သမားများ အလွယ်တကူဝင်ရောက်နိုင်ပြီး ထွက်ပြေးတိမ်းရှောင်နိုင်သောကြောင့် အစိုးရအနေဖြင့် ပြန်လည်နေရာချထားရေးတွင် နိုင်ငံတော်၏ လုံခြုံရေးကို အဓိကအလေးထားရမည်ဟု ANP ပါတီ၏ ဇန်နဝါရီ ၁၅ ရက်ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly