NLD အလုပ်အမှုဆောင်တစ်ဦး၏ အုတ်ဂူဖောက်ခံရ၊ နာရီတစ်လုံးပျောက်ဆုံးနေ

NLD အလုပ်အမှုဆောင်တစ်ဦး၏ အုတ်ဂူဖောက်ခံရ၊ နာရီတစ်လုံးပျောက်ဆုံးနေ
ဓာတ်ပုံ- နေလင်္ကာ

ရန်ကုန်၊ ဇန်နဝါရီလ ၁၆ ။            ။ ကွယ်လွန်ခဲ့ပြီဖြစ်သော ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ရှမ်းတဲကြီးကျေးရွာမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အလုပ်အမှုဆောင် အဖွဲ့ဝင်တစ်ဦးဖြစ်သည့် အသက် ၇၇ နှစ်အရွယ် ဦးခင်ဟန်၏ အုတ်ဂူမှာ ဖောက်ခံရပြီး နာရီတစ်လုံးပျောက်ဆုံးနေကြောင်း ဒဂုံမြို့သစ်(တောင်ပိုင်း) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသိန်း နိုင်က မဇ္ဈိမသို့ ပြောသည်။

ကွယ်လွန်သူ ဦးခင်ဟန်အား ဒဂုံမြို့သစ်အရှေ့ပိုင်းရှိ သုဿန်တွင် ဂူသွင်းသဂြိုလ်ထားသည်မှာ ရက်ပိုင်းမျှသာရှိ သေးကြောင်း၊ ဇန်နဝါရီလ ၁၅ ရက်၊ ည ၉ နာရီခန့်အချိန်တွင် အုတ်ဂူမှာ အဖောက်ခံရကြောင်း လူတစ်ဦးက အကြောင်းကြားရာမှ သိရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ အကြောင်းကြားတော့ မြို့နယ်အလုပ်အမှုဆောင်အဖွဲ့တွေ၊ ရပ်ကျေးအဖွဲ့တွေက အုပ်ချုပ်ရေးမှူးတို့ ရဲတပ်ဖွဲ့ တို့ကို အကြောင်းကြားပြီး သွားစစ်ဆေးခဲ့တာပေါ့။ စစ်ဆေးတဲ့အခါ အုတ်ဂူက အဖောက်ခံရပြီး အုတ်ခဲနဲ့ ပြန်စီ ထားတယ်။ အထဲစစ်ဆေးကြည့်တော့ သေဆုံးသူအတွက် ထည့်ပေးထားတဲ့ ငွေသုံးထောင်နဲ့ အဝတ် အထည် တွေက ခြေရာလက်ပျက်နေပြီး ပျောက်တာတော့ မရှိဘူး။ ဒါပေမယ့် သေချာစစ်ဆေးကြည့်တော့ နာရီတစ်လုံး တော့ ပျောက်နေတာပေါ့။ အုတ်ဂူဖောက်တဲ့သူအနေနဲ့တော့  ပိုက်ဆံယူချင်လို့တော့ ဟုတ်ဟန်မတူဘူး။ သူ့ အနေနဲ့ ဘာကြောင့် ဒီလိုလုပ် တယ်ဆိုတာကတော့ ကာယကံရှင်မိမှာပဲ သိရမှာပေါ့”ဟု ဦးသိန်းနိုင်က ပြော သည်။

လက်ရှိတွင် အုတ်ဂူအဖောက်ခံခဲ့ရသည့် ကိစ္စနှင့် ပတ်သက်ပြီး ကာယကံရှင် မိသားစုဝင်များက ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရဲစခန်းတွင် အမှုဖွင့်သွားရန်ရှိကြောင်း ဦးသိန်းနိုင်ပြောပြချက်အရသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly