ဘဏ္ဍာနှစ်အပြောင်းအလဲ ၆လအတွင်း ကျပ်ဘီလီယံ ၁သောင်းကျော်သုံးစွဲရန် အစိုးရလျာထား၊ စီမံ/ဘဏ္ဍာ၊ လျှပ်စစ်/စွမ်းအင်နှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့က အများဆုံးတောင်းခံ

ဘဏ္ဍာနှစ်အပြောင်းအလဲ ၆လအတွင်း ကျပ်ဘီလီယံ ၁သောင်းကျော်သုံးစွဲရန် အစိုးရလျာထား၊ စီမံ/ဘဏ္ဍာ၊ လျှပ်စစ်/စွမ်းအင်နှင့် ကာကွယ်ရေးဝန်ကြီးဌာနတို့က အများဆုံးတောင်းခံ

နေပြည်တော်(ဇန်နဝါရီ ၁၆ရက်၊ ၂၀၁၈ခုနှစ်)။ ။ ဘဏ္ဍာရေးနှစ် ပြောင်းလဲရေးကာလဖြစ်သည့် လာမည့် ဧပြီလမှ စက်တင်ဘာအထိ ၆လအတွက် ဘတ်ဂျက်ငွေအဖြစ် ကျပ်ဘီလီယံပေါင်း တစ်သောင်းကျော် သုံးစွဲရန် ပြည်ထောင်စုအစိုးရက လွှတ်တော်သို့ တင်ပြတောင်းခံလိုက်သည်။

၆လကာလအတွင်း ကျပ်ဘီလီလျံပေါင်း ၁၀,၆၇၈ သုံးစွဲရန် အစိုးရက လျာထားပြီး ရငွေအဖြစ် ကျပ်ဘီလီယံပေါင်း ၈,၄၉၂ ရရှိမည်ဟု ခန့်မှန်းထားသည်။ ထို့ကြောင့် လိုငွေအားဖြင့် ကျပ်ဘီလီပေါင်း ၂,၁၈၆ ရှိသည်ဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းက ဇန်နဝါရီ ၁၅ရက် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်သို့ ရှင်းပြခဲ့သည်။

လျာထားသည့် အသုံးစရိတ်တွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနက ကျပ်ဘီလီယံပေါင်း ၂,၁၉၃ကျော်အား အသုံးစရိတ်စုစုပေါင်း၏ ၂၇ဒဿမ ၂၉ရာခိုင်နှုန်းအဖြစ် အများဆုံးတောင်းခံထားသည်ကို တွေ့ရသည်။

ထို့ပြင် အသုံးစရိတ် ဒုတိယအများဆုံးအဖြစ် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ကျပ်ဘီလီယံပေါင်း ၂,၃၄၃ ၊ တတိယအများဆုံးအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနက ကျပ်ဘီလီယံပေါင်း ၁,၃၃၄ကျော် အသီးသီး တောင်းခံထားသည်။

အဆိုပါ အရအသုံး ငွေစာရင်းများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ဗဟိုအဖွဲ့အစည်းများနှင့် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များက ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် လွှတ်တော်သို့ ရှင်လင်းတင်ပြလျက် ရှိသည်။

အစိုးရအဖွဲ့က တင်ပြထားသော အရအသုံး ငွေစာရင်းများကို စိစစ်နိုင်ရန် လွှတ်တော်နှစ်ရပ်မှ ကိုယ်စားလှယ်များပါဝင်သည့် ပူးပေါင်းအဖွဲ့ ၁၇ဖွဲ့ကို ဖွဲ့စည်းထားသည်ဟုလည်း လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ပြောသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly