အော်တာနေးတစ်ဂီတငွေကြယ်ပွင့် Cranberries ဝိုင်းမှ အဆိုတော် ဒိုလိုရီ ကွယ်လွန်

အော်တာနေးတစ်ဂီတငွေကြယ်ပွင့် Cranberries ဝိုင်းမှ အဆိုတော် ဒိုလိုရီ ကွယ်လွန်
(ဓာတ်ပုံ - အီးပီအေ)

စိတ်ကျရောဂါဖြင့် နပန်းလုံးနေခဲ့ရတဲ့ အော်တာနေးတစ် ဂီတငွေကြယ်ပွင့်တစ်ဦးဖြစ်တဲ့ Cranberries ဂီတဝိုင်းမှ အသက် ၄၆ နှစ်အရွယ် အဆိုတော် ဒိုလိုရီအိုရိုဒန်သည် ဟိုတယ်အခန်းအတွင်း ရုတ်တရက်သေဆုံးကြောင်း မိတ်ဆွေများက အတည်ပြုထုတ်ပြန်သည်။

ပတ်လန်းရှိ ဟီတန်လန်ဒန်ဟိုတယ်အခန်းအတွင်း ဇန်နဝါရီ ၁၅ ရက် နံနက် ၉ နာရီ ၀၅ မိနစ်တွင် ဒိုလိုရီ၏ ရုပ်အလောင်းကို တွေ့ရှိခြင်းဖြစ်ပြီး ရဲက သေဆုံးရသည့် အကြောင်းရင်း မသိရသေးကြောင်း ဆိုသည်။

အိုင်းရစ်အမျိုးသမီး ရော့ခ်ဂီတငွေကြယ်ပွင့် ဒိုလိုနီ သေဆုံးရခြင်းနှင့် ပတ်သက်ပြီး ၎င်း၏ မန်နေဂျာက မှတ်ချက်ပြုပြောကြားခြင်း မရှိသေးဘဲ အခြားသူများကမူ ရုတ်တရက်သေဆုံးမှုဖြစ်ကြောင်း ဆိုပြီး အိုင်ယာလန်ရှိ ကျန်ရစ်သူမိသားစုအတွက် စိတ်ကြွေကွဲခံစားရကြောင်း ပြောသည်။

ဂီတလောကတွင် ရပ်တည်ရရင်း စိတ်ကျန်းမာရေး ဝေဒနာခံစားရကြောင်း၊ စိတ်ကျဝေဒနာကို ရင်ဆိုင်တိုက်ထုတ်နေရကြောင်း ပြီးခဲ့သည့်နှစ်က ဒိုလိုရီက ထုတ်ဖော်ပြောခဲ့ဖူးသကဲ့သို့ ၂၀၁၃ ခုနှစ်အတွင်းက ကိုယ်ကိုကို သေကြောင်းကြံဖူးခဲ့ကြောင်း သိရသည်။

ငယ်ရွယ်စဉ် မိန်းကလေးငယ်ဘဝက အနိုင်ကျင့်အလွဲသုံးပြုမှု ခံရကာ ရှင်သန်ကြီးပြင်းခဲ့သည့် ဒိုလိုရီမှာ အရက်စွဲမှု ပြဿနာကိုပါ ရင်ဆိုင်ကျော်လွှားနေရခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောခဲ့သည်။

မသေဆုံးမီ တစ်ပတ်အတွင်း ဒိုလိုရီသည် စိတ်ကျဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားနေရပြီး ကျောအောင့်သည့် ဝေဒနာကြောင့် ၂၀၁၇ ဂီတဖော်ဖြေရေးခရီးစဉ်များကို ဖျက်သိမ်းခဲ့ရခြင်းဖြစ်ကြောင်း မိတ်ဆွေများက ဆိုသ်ည။

“ကျွန်တော်တို့ လက်တွဲဖော် ဒိုလိုရီကို ဆုံးပါးလိုက်ရခြင်းကြောင့် အရမ်းကြွေကွဲရတယ်။ သူမဟာ တကယ့်ပါရမီရှင်တစ်ဦးပါ။ Cranberries ဝိုင်း စတည်ထောင်ခဲ့တဲ့ ၁၉၈၉ ခုနှစ်ကနေစပြီး သူမနဲ့အတူ လက်တွဲခံရတာက ကျွန်တော်တို့အတွက် တန်ဖိုးမဖြတ်နိုင်ပါဘူး။”ဟု ဝိုင်းသားတစ်ဦးက တွစ်တာတွင် ရေးသားခဲ့သည်။

“ကမ္ဘာကြီးက တကယ့်အနုပညာရှင်တစ်ဦးကို ဒီနေ့မှာ လက်လွှတ်လိုက်ရပြီ။”ဟု ကျန်ရစ်သည့် Cranberries ဝိုင်းသားများက ဖော်ပြသည်။

ဒိုလိုရီသည် ဂီတခရီးစဉ် မန်နေဂျာဖြစ်သူ ဒွန်ဘာတန်နှင့် ၂၁ နှစ်ကြာ ပေါင်းဖက်ပြီး ကလေးသုံးဦးထွန်းကားကာ ကွာရှင်းခဲ့ရသည်။

ကလေးများက ကနေဒါတွင် ဖခင်ဖြစ်သူနှင့် နေထိုင်နေကြခြင်း ဖြစ်သည်။ 

“အိုင်းရစ်က ကမ္ဘာကျော်  Cranberries ရဲ့ ပင်တိုင်အဆိုတော် ဒိုလိုရီဟာ လန်ဒန်မှာ အသံသွင်းဖို့ ရောက်ရှိနေချိန် အသက် ၄၆ နှစ်မှာ ကွယ်လွန်ပါတယ်။”ဟု ပြန်ကြားရေးမန်နေဂျာဖြစ်သူက ထုတ်ပြန်ခဲ့သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly