အာဏာရပါတီက နှုတ်ထွက်ခဲ့သူ မအူပင် ဦးစိန်ဝင်း NUD နာမည်နဲ့ ပါတီထောင်ဖို့ ပြင်ဆင်

အာဏာရပါတီက နှုတ်ထွက်ခဲ့သူ မအူပင် ဦးစိန်ဝင်း NUD နာမည်နဲ့ ပါတီထောင်ဖို့ ပြင်ဆင်
ယခင် NLD အမတ်အဖြစ် မြင်တွေ့ရသော မအူပင် ဦးစိန်ဝင်း(ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇန်နဝါရီ ၁၆ရက်၊ ၂၀၁၈ခုနှစ်)။ ။ အာဏာရ NLD ပါတီမှ နှုတ်ထွက်ပြီးနောက် နိုင်ငံရေးပါတီတစ်ခု ထူထောင်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် ပါတီမှတ်ပုံတင်လျှောက်ထားကြောင်း မအူပင်မြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဦးစိန်ဝင်းက ဇန်နဝါရီ ၁၅ရက်၊ ညနေပိုင်းတွင် မဇ္ဈိမကို အတည်ပြု ပြောကြားသည်။

“၇၀ရာခိုင်နှုန်းသော တောင်သူလယ်သမားတွေရဲ့အကျိုးကို ထဲထဲဝင်ဝင် ထိထိရောက်ရောက် ဆောင်ရွက်ပေးချင်တဲ့အတွက် ဒီပါတီကို ထောင်လိုက်ခြင်း ဖြစ်တယ်” ဟု ဦးစိန်ဝင်းက ပြောသည်။

 အမျိုးသားညီညွတ်သော ဒီမိုကရက်တစ်ပါတီ(National United Democratic Party-NUD)အမည်ဖြင့် ရွေးကောက်ပွဲကော်မရှင်ထံ ပါတီမှတ်ပုံတင်လျှောက်ထားခြင်း ဖြစ်သည်။

ပါတီမှတ်ပုံတင်လျှောက်ထားသည်မှာ ၂လကျော်ကြာနေပြီဖြစ်၍ ကော်မရှင်ထံ ဇန်နဝါရီ ၁၅ရက်၊ နေ့လည်က သွားရောက်စုံစမ်းခဲ့သူ ပါတီ အတွင်းရေးမှူး(ယာယီ) ဒေါက်တာအောင်ဌေးက “ဝန်ကြီးဌာနဘက်က လုပ်ငန်းဆောင်တာတွေ ကြာနေသေးလို့ပါလို့ အဖြေပေးလိုက်တယ်” ဟု ဆိုသည်။

မအူပင် ဦးစိန်ဝင်း၏ ပါတီမှတ်ပုံတင်လျှောက်ထားမှု ကြန့်ကြာနေခြင်းနှင့်ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်မြင့်အား ဇန်နဝါရီ ၁၅ရက် အမျိုးသားလွှတ်တော်အစည်းအဝေးအပြီးတွင် သတင်းထောက်တစ်ဦးက မေးမြန်းရာ “အဲ့သလို ထူးထူးခြားခြားတော့ မရှိဘူး” ဟုသာ ဖြေကြားခဲ့သည်။

NUD အမည်ဖြင့် ပါတီထူထောင်သူများမှာ ဦးစိန်ဝင်းအပါအဝင် စုစုပေါင်း ၁၈ဦးရှိပြီး ထိုအထဲတွင် တတ်သိပညာရှင်နှင့် စိုက်ပျိုးရေးပညာရှင် ၁၀ဦး ပါဝင်ကာ လာမည့် ၂၀၂၀ရွေးကောက်ပွဲတွင် တိုင်းဒေသကြီးအားလုံး၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ရည်မှန်းထားသည်။

“အန်ကယ်လ်ဖြတ်သန်းလာတဲ့ ၁၆နှစ်လုံးလုံးက ကျေးလက်ဒေသကို အခြေခံတဲ့ နည်းပညာတွေ၊ အသိပညာတွေ သွားလာပြီး ပြောဆိုနေတဲ့အတွက် အန်ကယ့်နာမည်က ကျေးလက်မှာ အကုန်လုံးက သိရှိပြီးသားဖြစ်တယ်။ အဲ့တော့ တောင်သူလယ်သမားခေါင်းဆောင်တွေကို လွှတ်တော်ထဲရောက်အောင် ပို့ပေးချင်တဲ့ ရည်ရွယ်ချက်ပါ။ ဒါဆိုရင် တောင်သူလယ်သမားတွေဟာ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့် ပိုပြီးတော့ ရသွားတာပေါ့” ဟု ဦးစိန်ဝင်းက ပြောသည်။

လက်ရှိအချိန်တွင် စည်းရုံးရေးမဆင်းနိုင်သေးသော်လည်း အထက်ဗမာပြည်၊ အောက်ဗမာပြည်ရှိ သမဂ္ဂများ၊ တက်ကြွလှုပ်ရှားသူများနှင့် ချိတ်ဆက်မှု ရှိထားပြီးသားဖြစ်သည်ဟု ၎င်းက ဆိုသည်။

NLD ပါတီမှ နှုတ်ထွက်ရခြင်းမှာ အနာဂတ်တွင် တောင်သူလယ်သမားများ၏ အကျိုးစီးပွားအတွက် ဆောင်ရွက်ချင်သောကြောင့်ဟုဆိုကာ NLD အစိုးရအနေဖြင့်မူ ရွေးကောက်ပွဲကတိကဝတ်ဖြစ်သည့် မတရာသိမ်းဆည်းခံရသည့် လယ်ယာမြေများနှင့်ပတ်သက်ပြီး မဖြေရှင်းနိုင်သေးကြောင်း ဦးစိန်ဝင်းက ပြောသည်။

NUD ပါတီရုံးချုပ်အဖြစ် နေပြည်တော်၊ ဇဗ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်ရှိ ချင်းတွင်းလမ်းနှင့် ခတ္တာလမ်းထောင့်ရှိ အိမ်အမှတ် ၂၃၁၉တွင် ဖွင့်လှစ်ထားရှိမည် ဖြစ်သည်။

လက်ရှိတွင် ကိုယ်ပိုင်ငွေဖြင့် အချိုးကျ စိုက်ထုတ်သုံးစွဲလျက်ရှိကာ လက်ရှိအချိန်အထိ ရန်ပုံငွေနှင့်ပတ်သက်ပြီး မည်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းနှင့်မျှ ချိတ်ဆက်ထားမှုမရှိကြောင်း၊ ဒီမိုကရေစီကို ဟန့်တားစေသည့် ကိစ္စမျိုးကိုလည်း လက်ခံမည်မဟုတ်ကြောင်း ဦးစိန်ဝင်းက မဇ္ဈိမကို ပြောသည်။

“ကိုယ့်အလုပ်ကို ငါတို့ အတတ်နိုင်ဆုံး၊ အကောင်းဆုံးလုပ်မယ်။ ငါတို့ရှိတဲ့အင်အားနဲ့ ငါတို့ ကြိုးစားရုံးကန်မယ်ဆိုတဲ့ စိတ်မျိုးပဲ အန်ကယ်လ်တို့မှာ ရှိတယ်” ဟု ၎င်းက ဆိုသည်။

လာမည့် ၂၀၂၀ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီးကလည်း ရှစ်လေးလုံးပါတီ အမည်ဖြင့် ရွေးကောက်ပွဲကော်မရှင်တွင် ပြီးခဲ့သည့်လက ပါတီမှတ်ပုံတင်လျှောက်ထားခဲ့သေးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly