ပြိုင်ပွဲငါးခုစလုံးမှာ ဂွါဒီယိုလာကိုအနိုင်ရဖူးတဲ့ နည်းပြအဖြစ် ဂျာဂင်ကလော့ပ် မှတ်တမ်းရေးထိုး

ပြိုင်ပွဲငါးခုစလုံးမှာ ဂွါဒီယိုလာကိုအနိုင်ရဖူးတဲ့ နည်းပြအဖြစ် ဂျာဂင်ကလော့ပ် မှတ်တမ်းရေးထိုး

 

 

ပရီးမီးယားလိဂ်ပွဲစဉ် ၂၃ အဖြစ် ယှဉ်ပြိုင်ခဲ့ကြတဲ့ လီဗာပူးလ်နဲ့မန်စီးတီးတို့ရဲ့ပွဲစဉ်မှာတော့ အိမ်ရှင်လီဗာပူးလ်အသင်းက ၄ ဂိုး ၃ ဂိုးနဲ့အနိုင်ရသွားခဲ့ပါတယ်။ ဒီပွဲမှာ လီဗာပူးလ်အသင်းအတွက် ဂိုးတွေကို ချိန်ဘာလိန်၊ ဖာမီနို၊ မာနေးနဲ့ဆာလက်တို့က သွင်းယူခဲ့ကြပြီး မန်စီးတီးအတွက် ချေပဂိုးတွေကို ဆာနေး၊ ဘာနာဒိုဆေးလ်ဗားနဲ့ ဂန်ဒိုဂန်တို့က သွင်းယူခဲ့ကြပါတယ်။

ဒီပွဲမှာ အနိုင်ရခဲ့လို့ လီဗာပူးလ်အသင်းဟာ ဒီရာသီမှာ မန်စီးတီးအသင်းကို ပရီးမီးယားလိဂ်မှာ ပထမဆုံးရှုံးပွဲကြုံတွေ့သွားစေတဲ့အသင်း ဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ပ်ဟာလည်း ပြိုင်ဘက်နည်းပြဂွါဒီယိုလာကို မတူညီတဲ့ ပြိုင်ပွဲငါးခုစလုံးမှာ အနိုင်ရဖူးတဲ့ ပထမဆုံးနည်းပြအဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။

ပွဲအပြီးတော့ လီဗာပူးလ်နည်းပြ ဂျာဂင်ကလော့ပ်က “ဒီလိုနိုင်ပွဲရအောင်ကစားဖို့ဆိုရင် အသင်းကောင်းတစ်သင်းပိုင်ဆိုင်ထားဖို့လိုပါတယ်။ ကျွန်တော့်ကို ဒီလိုအသင်းတစ်သင်းပိုင်ဆိုင်ခွင့်ပေးလို့ ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။ ဒီနေ့ပွဲမှာ ကစားသမားတွေဟာ ပြင်းပြင်းထန်ထန်ကြိုးစားခဲ့ကြပါတယ်။ ဒီလိုပွဲကြည့်ရတာကို တကယ်ကြိုက်ပါတယ်။ နှစ်သင်းစလုံးဟာ ကွင်းထဲမှာ အရာအားလုံးပေးဆပ်ပြီးကစားခဲ့ကြပါတယ်။

ပရီးမီးယားလိဂ်အတွက်တော့ တကယ်ကောင်းတဲ့ ဈေးကွက်ကြော်ငြာမှုတစ်ခုပါပဲ။ တစ်ကမ္ဘာလုံးက ဒီပွဲကို ကြည့်နေကြတာပါ။ ဘောလုံးပွဲမကြိုက်တဲ့လူတောင် ဒီပွဲကိုကြည့်မိရင် “မင်းတို့ဒါကြောင့် အမြဲတမ်း ပရီးမီးယားလိဂ်ပွဲတွေကိုကြည့်နေကြတာ” လို့ ပြောပါလိမ့်မယ်။ ဒါက တကယ်ကိုပျော်ဖို့ကောင်းပါတယ်” လို့ ဆိုခဲ့ပါတယ်။

မန်စီးတီးနည်းပြ ဂွါဒီယိုလာကလည်း “ ဒီပွဲကို နိုင်ချင်ခဲ့တာပါ။ ရှုံးတယ်ဆိုတဲ့သတင်းက ဘယ်တော့မှ မကောင်းပါဘူး။ ဒါပေမဲ့ အသင်းတိုင်း ရှုံးကြတာပဲ။ ဘာကြောင့် ကျွန်တော်တို့လည်း မရှုံးနိုင်ရမှာလဲ။ အရေးကြီးဆုံးက နောက်လာမယ့်ပွဲမှာ ထပ်ပြီး မရှုံးဖို့ပါ။ ဒီပွဲမှာ အမှတ်ဆုံးရှုံးတယ်ဆိုရင် နောက်တစ်ပွဲက အရေးကြီးသွားပါပြီ။ လာမယ့်ပွဲက နယူးကာဆယ်နဲ့ပါ။ အရမ်းအရေးကြီးပါတယ်။

ကျွန်တော်အမြဲတမ်းပြိုင်ဘက်ကို အသိအမှတ်ပြုပါတယ်။ ကျွန်တော်တို့ဟာ အမြဲတမ်းနီးပါး ကိုယ့်ရဲ့အမှားတွေကိုပဲ တွေးကြပါတယ်။ ပြိုင်ဘက်အကြောင်းကိုလည်း တွေးကြည့်နိုင်ပါတယ်။ သူတို့တကယ်ကောင်းပါတယ်။ သူတို့အနိုင်ရအောင် ကစားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီပွဲကို ခင်ဗျားတိုက်ရိုက်ကြည့်လိုက်တယ်ဆိုရင် ကျွန်တော့်အသင်းရဲ့ နေရာအတော်များများမှာ လူငယ်တွေကစားသွားတယ်ဆိုတာမမေ့သင့်ပါဘူး။ အသင်းရဲ့ အနာဂတ်အတွက် အရမ်းကောင်းပါလိမ့်မယ်။”

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly